Thursday, January 01, 2009

အိပ်မက်လမ်း

မြက်ခင်းတွေက စိမ်းလန်း
ပန်းခင်းက မွှေးရနံ့တွေနဲ့
ရီဝေချင်စရာ...

နံဘေးမှာ..တသွင်သွင်စီးနေတဲ့
ကြည်လင်တဲ့ ချောင်းကလေး
တိမ်းမူးချင်စရာ...

နေခြည်တွေ..တို့ထိထားတဲ့
သစ်ပင်တွေက..သက်တန့်ရောင်စုံလို့
ရင်ခုန်ချင်စရာ...

သီချင်းဆိုနေတဲ့ ငှက်ကလေးတွေက
သစ်ခက်တွေကြားမှာ..ဟိုပင်ဒီပင်ကူးလို့
ကြည်နူးချင်စရာ...

မြင်ရလေသမျှ..အလှအပတွေနဲ့
ဝန်းရံထား..ဒီနေရာ
ဒါ..အိမ်ပါပဲ။

ဝေ့ဝဲနေတဲ့..မိသားစုအသံတွေနဲ့
နွေးထွေးမယ့်ဟန်လဲ..ရှိရဲ့။
ပြန်ခဲ့တာ...ကြာပြီ
အိမ်ဆီကိုလေ..

ရောက်ပြီလား...ကြည့်
သတိပြုမိတော့..
လျှောက်နေတဲ့..ဒီလမ်း
အိပ်မက်လမ်း......လမ်း....လမ်း...တဲ့။

နိုဝင်ဘာ ၂ရက်၊ ၂၀၀၁ ခုနှစ်။
မနက် ၂နာရီ ၁၃မိနစ်။

ဝန်ခံချက်။ ။ညီထွတ်နှင့် ရင်ဂို ၏ အိပ်မက်လမ်း သီချင်းခေါင်းစဉ်ကို ခံစားရေးဖွဲ့သည်။