Monday, November 24, 2008

တရားဂုဏ်တော် ၆ပါး

ခုလောလောဆယ်ဖတ်နေတဲ့ ဒါရိုက်တာ စာရေးဆရာ မောင်ဝဏ္ဏ ရဲ့ ”ဒုက္ခကို မြိန်ရေရှက်ရေ ခံစားနေသော” စာအုပ်ထဲက တရားဂုဏ်တော် ၆ပါး ရဲ့ မူရင်း အဓိပ္ပါယ်ကော၊ ဆရာမောင်ဝဏ္ဏက တရားကို သူအတွေ့အကြုံတွေနဲ့ကော ခံစားပြီးရေးထားတာထဲက ၁ ကနေ ၆ အထိ ဆရာ့မူရင်း အတိုင်း အကျယ်ဆို စာရိုက်ရမှာ အချိန်တော်တော်ကြာမယ်(ရိုက်ရမှာ အပျင်းထူလို့ :D)။ နံပါတ်၁ ဂုဏ်တော်ကိုပဲ အကျယ်ပြီးအောင် စာရိုက်နိုင်တယ်။ ကျန်တဲ့ ၅ပါးကို အစပိုင်းအနက်ဖော်ပြတဲ့ စာသားတွေပဲ ရိုက်ထားပါတယ်။ မနေ့က ကြိုးစားပမ်းစား ရိုက်ထားတဲ့ စာပါ။ ဘလော့ခ်လာလည်တဲ့ စာဖတ်သူတွေ ဖတ်လို့ရအောင် တင်လိုက်ပါတယ်။ အပြည့်အစုံဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်မို့ စိတ်ဝင်စားသူတွေ ရှာဖတ်ကြည့်ကြပါလို့။ ဓမ္မစကြာကို ဆရာကြီး ဦးဖေမောင်တင် အင်္ဂလိပ်လို ဘာသာပြန်ထားတာပါ ပါပါတယ်။စာအုပ်တန်ဖိုးက ကျွန်မ ဝယ်စဉ်က၂၀၀၀ကျပ်ပါ။ ဒီလိုဘလော့ခ်ပေါ်တင်တာ မူရင်းစာရေးဆရာ ဆရာမောင်ဝဏ္ဏနဲ့ ထုတ်ဝေသူ ပုဂံစာအုပ်တိုက်ကို ခွင့်တောင်းဖို့တော့ လိုမလားမသိဘူး။ လိုတယ်ဆိုရင် စိတ်ပူလို့ တပိုင်းတစပဲ တရားဂုဏ်တော်အနက်အဓိပ္ပါယ်ကို တင်တာမို့ ခွင့်ပြုပါလို့ (ဘယ်လို ဆက်သွယ်ရမယ်မှန်းလဲ မသိတာမို့) ဒီပို့စ်ကနေပဲ တင်ရင်းနဲ့ ခွင့်ပန်ပါတယ်ရှင်။

(၁) သွာက္ခတ (သွာက္ခာတော ဘဂဝတော ဓမ္မော)

ကြားနာရုံပင်၊ အပူစင်၍၊ ကျင့်လျှင်ချမ်းသာ၊ ကျင့်ပြီးခါလည်း လွန်စွာငြိမ်းချမ်း၊ နိဗ္ဗာန်နန်းနှင့်၊ စခန်းသင့်အောင်၊ မှန်းလင့်ရည်ရော်၊ ကောင်းစွာဟောတော်မူပါပေ၏ ။
[အရှင်ဇနကာဘိဝံသ 'ရတနာ့ဂုဏ်ရည်' (တရားဂုဏ်တော်အဖွင့်)]

ဆရာတော်ကြီး ရေးသားချီးမြှင့်ထားတာဟာ ပြီးပြည့်စုံနေပါပြီ။ ကျွန်တော်က တစ်မိုက်တစ်ထွာဥာဏ် နဲ့ သဘောပေါက်သလောက် ပြောပြပါရစေဦး။

ဗုဒ္ဓမြတ်စွာဘုရားဟောတော်မူတဲ့ တရားတော်တွေအနက်က ဘယ်တရားတော်ဖြစ်ဖြစ် အနည်းဆုံးရသမျှ ဘုရားရှိခိုးကို ဖြစ်ဖြစ် ရှိခိုးရွတ်ဆိုနေရုံလောက်နဲ့..။ဒါမှမဟုတ် ဗုဒ္ဓ၊ ဓမ္မ၊ သံဃ..စသဖြင့် ကြားရုံလောက်နဲ့ ပူပန်သောကဟာ (ခဏဖြစ်ဖြစ်) ငြိမ်းပါတယ်။ သွာက္ခတဆိုတဲ့ ပါဠိက "ကောင်းမွန်စွာ ဟောတော်မူအပ်သော" ဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်ပါသတဲ့။ ဘယ်လိုကောင်းတာလဲ၊ အစ၏ ကောင်းခြင်း၊ အလယ်၏ ကောင်းခြင်း၊ အဆုံး၏ကောင်းခြင်းတွေပါပဲ။

အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်နားလည်သလိုပဲ ပြောပါရစေ။ နက်နဲတဲ့ တရားသဘောတွေကို ကျွန်တော်ရှင်းမပြတတ်ပါဘူး။ ဒါကြောင့် အတွေ့အကြုံလေးရှိသမျှနဲ့ ဥပမာပြုပါရစေ။

အဂုင်္လိမာလသုတ်ဆိုတာ ဗုဒ္ဓမြတ်စွာကို ကိုးကွယ်တဲ့ ဗုဒ္ဓဝါဒီမှန်သမျှ ကြားဖူးပြီးသားပါ။ ပါဠိလို ကျွန်တော်မရပါဘူး။ "အဟံ ဘဂိနီ" စသဖြင့် ဖြစ်ပါတယ်။ အဲဒီပရိတ်တော်ကို ကျွန်တော်နားလည်သလိုကတော့...

အဂုင်္လိမာလကိုယ်တော်ကြီးဟာ လူဆိုးကြီးဖြစ်ခဲ့ဖူးလို့ ဆွမ်းခံထွက်ရင်တောင် ခဲနဲ့ပေါက်၊ တုတ်နဲ့ရိုက် စသဖြင့် ခံရတော်မူရှာပါတယ်။ အရှင် အဂုင်္လိမာလကိုယ်တော်ကြီး က သည်းခံတော်မူပါတယ်။ အဲဒီ ပရိတ်တော်ဟာ သစ္စာဆိုတာပါပဲ။

သစ္စာ (မှန်ကန်တိကျသော စကားကို ဆိုခြင်း) ကို ကျွန်တော်အစတုန်းက သိပ်မယုံပါဘူး။ ဝေဝေဝါးဝါးပဲ ဖြစ်နေခဲ့တယ်။ အဂုင်္လိမာလသုတ်တော်ကို အမျိုးသမီးများ ကိုယ်ဝန်ဆောင်နေတုန်းနဲ့ သားဖွားနေတုန်းမှာ ရွတ်ဆိုရတယ်လို့ပဲ သာမန် နားလည်ထားခဲ့ပါတယ်။

အဲဒီ အဂုင်္လိမာလသုတ်ရဲ့ အဓိပ္ပါယ်က....
”ချစ်နှမ၊ ငါသည် အကြင်အခါမှစ၍ အရိယသူတော်စင်ဖြစ်ခဲ့၏ ။ ထိုအခါမှ စ၍ သတ္တဝါတို့ကို အသက်မှ ချဖူးသည် ဟူ၍ ' ငါမသိ 'ဤစကားမှန်၏ ။ ဤ မှန်သော သစ္စာစကားကြောင့် သင် ချစ်နှမသည်လည်းကောင်း၊ သင်၏ ဝမ်းကြာတိုက်မှ သန္ဓေသားလောင်းသည် လည်းကောင်း ကျန်းမာချမ်းသာပါစေ” ။

ဒါပါပဲ ။ ဘယ်လောက်ရှင်းလင်းပါသလဲ။ ဆိုလိုချက်ကလည်း ပြည့်စုံတိကျ မှန်ကန်လှပါတယ်။ ( အကျယ်သဖြင့်ကတော့ ပညာအလင်းပြ စာအုပ်တိုက်က ထုတ်ဝေတဲ့ 'ပရိတ်ကြီး ဆယ့်တစ်သုတ် ပါဠိ နှင့်အနက်' စာအုပ်မှာ ဖတ်နိုင်ပါတယ်။ )

အရှင် အဂုင်္လိမာလကိုယ်တော်ကြီးက သည်လိုပြောတာပါ။ ' မေတ္တာ ထားအပ်သော နှမ၊ ငါသည် တချိန်တခါက စပြီး အရိယသူတော်စင် (ရဟန်း) ဖြစ်ခဲ့တယ်။ အဲဒီလို အရိယသူတော်စင် ဖြစ်တဲ့အချိန်ကစပြီး ဘယ်သတ္တဝါကိုမှ သတ်ဖူးတယ်ရယ်လို့ ငါမသိပါ။ [ စင်္ကြံလျှောက်တော်မူရင်း ပိုးပုရွက်တွေကို မတော်တဆ နင်းမိချင် နင်းမိလိမ့်မယ်။ ဒါပေမယ့် သေစေလိုတဲ့ စေတနာ (စေ့ဆော်တိုက်တွန်းခြင်းသဘော) မပါပါ။ မရှိပါ။ သေသွားရှာတယ် ဆိုတာတောင် မသိပါ။ သတ္တဝါတွေကို သေစေလိုတဲ့ စေတနာရည်ရွယ်ချက်နဲ့ သတ်ဖြတ်ဖူးခြင်း လုံးဝမရှိပါ။ သည်စကားဟာ မှန်ကန်တိကျတဲ့ သစ္စာစကားပါ။ ဤ မှန်တဲ့ သစ္စာစကားကြောင့် မေတ္တာထားအပ်သော အသင်နှမသည် ကျန်းမာချမ်းသာပါစေ။ သင်နှမ၏ ဝမ်းကြာတိုက်မှ သန္ဓေသားလောင်းသည်လည်း ကျန်းမာချမ်းသာပါစေ။ ]
ဒါပါပဲ ။ တချိန်က လူဆိုးကြီးဘဝနဲ့ လူတွေ သတ်ခဲ့တာကို မငြင်းပါဘူး။ အရိယ သူတော်စင် ဖြစ်တဲ့အချိန်က စပြီး သတ်ဖြတ်ညှင်းဆဲမှု ဘာတစ်ခုမှ မပြုဘူး။ ' အသက်မှ ချဖူးသည်ဟူ၍ ငါမသိ ' လို့ပဲ ရိုးဖြောင့်စွာ သစ္စာဆိုတာပါ။

'ခလုတ်ထိမှ အမိတ' ဆိုတဲ့ စကားလိုပဲ ကျွန်တော့်ဇနီး သမီးဦးမွေးခါနီး ဗိုက်နာတော့ (သားလား၊ သမီးလား မသိသေးပါဘူး ) ကျွန်တော့် အကိုကြီး (လူမှုဖူလုံရေး ဆရာဝန်ကြီး) ဒေါက်တာဦးအောင်ကျော်ညွန့်က ကျွန်တော့်ဇနီးကို စမ်းသပ်ပြီး ဗိုက်ပေါ်မှာ ဘောပင်နဲ့ အမှတ်အသားတစ်ခု ရေးပေးတယ်။ နောက် ဂျင်မခါနာ (ဗဟိုအမျိုးသမီးဆေးရုံကြီး) ကို အမြန်သွားခိုင်းတယ်။ ကျွန်တော့်အမ မမစိန်စိန်က ဆေးရုံလိုက်ပို့ပေးတယ်။ ကျွန်တော် ဆေးရုံသံတံခါးနားမှာ လမ်းလျှောက်ရင်း စောင့်နေတယ်။ စိတ်ပူတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ ပရိတ်တွေ ဘာတွေလဲ မေ့ကုန်ပြီ။ ခဏကြာတော့ မမစိန်စိန် ဆင်းလာတယ်။ စာရွက်တစ်ရွက်မှာ လက်မှတ်ထိုးခိုင်းတယ်။ "ဘာတွေ ဖြစ်လို့လဲ မမ" လို့ မေးတော့ "စိတ်မပူနဲ့ လိုအပ်ရင် ခွဲဖို့ လက်မှတ်ထိုးခိုင်းတာ ဒါထုံးစံပဲ၊ စိတ်အေးအေးထားနော်" လို့ ပြောပြီး ခပ်မြန်မြန်သုတ်သုတ် ပြန်တက်သွားတယ်။ ကျွန်တော် ခေါင်းမီးတောက်ပြီ။ အစ်ကိုကြီး ဒေါက်တာဦးအောင်ကျော်ညွန့်ကလည်း " Breach Case ကွ"။ ဆေးရုံကို အမြန်ဆုံးသွား။ မင်းက ဗိုက်နဲ့ မိန်းမကို အိမ်မှာ ထားခဲ့ပြီး လျှောက်လေနေတယ်။ ငါ့လက်သီးစာတော့ မိတော့မယ် မြန်မြန်သွား" လို့လဲ အငေါက်ခံခဲ့ရပြီးပြီ။ ဒါနဲ့ ကျွန်တော်လည်း မမစိန်စိန်ကို အကူအညီတောင်းပြီး ဆေးရုံကို အမြန်လာခဲ့ရတာ။

ခွဲကောင်း ခွဲရမယ်လည်း ဆိုရော ကျွန်တော် ထိုင်ရမလို ထရမလို လမ်းလျှောက်ရမလို ဆောက်တည်ရာမရ ဖြစ်နေခဲ့တယ်။ ဖျတ်ခနဲ သတိရတယ်။ အဂုင်္လိမာလသုတ်။ ပါဠိလို မရဘူး။ အဓိပ္ပါယ်တော့သိတယ်။ ဒါကြောင့် အရှင်အဂုင်္လိမာလကိုယ်တော်ကြီးဟာ သည်လို သစ္စာဆိုခဲ့ပါတယ်လို့ တစ်ယောက်တည်း ကြားရုံရွတ်ပြီး ခုနက စာပိုဒ်ကို တတွတ်တွတ်ရွတ်နေမိတယ်။ ဆန်းပြားပါတယ်။ နှစ်ခေါက်သုံးခေါက်လောက် ရွတ်ပြီးတော့ စိတ်နည်းနည်းအေးလာတယ်။ နောက်ထပ် ကျွန်တော် သတိရပြန်တယ်။ အဲဒါကတော့ ကျွန်တော်ကိုယ်တိုင် သစ္စာဆိုဖို့ပဲ။ သစ္စာဆိုတာ မှန်ကန်တိကျရတယ်။ ဒါကြောင့် ကျွန်တော်ဟာ သစ္စာဆိုဖို့ မှန်ကန်တဲ့ အကြောင်းကို စဉ်းစားတယ်။

ငါ မဟုတ်တာတွေ၊ မတော်တာတွေ အများကြီး လုပ်ခဲ့ဖူးတယ်။ ဘယ်သူမှ မသိပေမယ့် ငါ့ဘာသာငါ သိနေတယ်။ မှန်တာ ဘာရှိသလဲ။ အမှန်ဆုံး အတိကျဆုံး ဖြစ်ရမယ်။ ဒီအခါ ကျွန်တော် ဥာဏ်ထဲ လင်းခနဲ တစ်ချက်မြင်သွားပါတယ်။ ကျွန်တော်ဟာ ကျွန်တော့်ဇနီးနဲ့ လက်ထပ်ပြီးတဲ့ အချိန်က စပြီး ခုထိ တခြားဘယ်မိန်းမကိုမှ ကာယကံမြောက် မကျူးလွန်ခဲ့ဘူး။ ဒါ သိပ်သေချာတယ်။ ဒါကြောင့် ကျွန်တော် ဒီလို သစ္စာဆိုတယ်။ "မြတ်စွာဘုရား...တပည့်တော်သည် တပည့်တော်၏ ဇနီး မချိုရီ နှင့် လက်ထပ်ပြီးသည့် အချိန်ကစ၍ အခြားမည်သည့် မိန်းမကိုမှ ကာယကံမြောက် ကျူးလွန်ခဲ့ခြင်း မရှိပါဘုရား။ ဤစကားသည် မှန်ကန်တိကျသော စကားဖြစ်ပါသည် ဘုရား။ ဤမှန်ကန်သော သစ္စာစကားကြောင့် တပည့်တော်၏ ဇနီး မချိုရီနှင့် မွေးဖွားလာမည့် ကလေးငယ်သည် ကျန်းမာချမ်းသာပါစေဘုရား"

အဲဒီလို အထပ်ထပ် ရွတ်ဆိုနေမိပါတယ်။ ဘယ်လောက်ကြာသွားတယ်တော့ မသိဘူး။ မမစိန်စိန်ဆင်းလာပြီး "မွေးပြီးဝဏ္ဏရေ၊ မိန်းကလေး" လို့ လာပြောပါတယ်။ ဖခင်တစ်ယောက်အနေနဲ့တော့ ဘယ်လို ဝမ်းမြောက်မလဲဆိုတာတော့ ကိုယ်ချင်းစာကြည့်နိုင်ပါတယ်။

ဒီလိုပါပဲ။ နောက်မွေးတဲ့ သားလတ် မောင်ပြေဇင်လည်း Breach (ဆုံပိုင်းဖွား) ပါပဲ။ (ဒေါက်တာ ဒေါ်ခင်သိန်းဦးက မွေးပေးပါတယ်။ အဲဒီတုန်းက အဂုင်္လိမာလသုတ်နဲ့ ကိုယ်တိုင် သစ္စာဆိုခဲ့ပါတယ်။) သားငယ်မောင်ဥက္ကာကျတော့ အချင်းပတ်ပြီး မွေးပါတယ်။ အဲဒီတုန်းက (တောင်ဥက္ကလာပ အမျိုးသမီးဆေးရုံကြီးမှာ) ဒေါက်တာ ဒေါ်ရင်မေ၊ တာဝန်ကျတဲ့ ဒေါက်တာ ဒေါ်အေးအေးလွင်တို့နဲ့ ကျွန်တော့် ညီမတော် စုစုတို့ ဂရုတစိုက်မွေးပေးလို့ မိခင်ကော ကလေးပါ အသက်ရှင်တာပါ။ ကျွန်တော့်ဇနီး ပင်ပန်းလွန်းပြီး သတိခဏ လစ်သွားခဲ့ပါသတဲ့။ သားငယ်ဟာ အချင်းပတ်ပြီးမွေးတော့ ချက်ချင်းအောက်ဆီဂျင်မရလို့ (အသက်မရှုနိုင်လို့) ပြာနှမ်းသွားခဲ့ပါသတဲ့။ စုစုက ပြန်ပြောတာပါ။ အဲဒီတုန်းကလည်း အဂုင်္လိမာလသုတ် (မြန်မာလို) နဲ့ ကိုယ်တိုင် သစ္စာဆိုခဲ့ပါတယ်။ ကလေးကော မိခင်ပါ ကျန်းမာချမ်းသာခဲ့ကြပါတယ်။ (ဆရာဝန်ကြီးတွေ၊ ဆရာမတွေရဲ့ ကြိုးစားအားထုတ် စေတနာထားမှုကိုလည်း မမေ့ပါဘူး။)

ပရိတ်တော်တွေတောင် ဒီလောက် အစွမ်းထက်ရင် မြတ်စွာဘုရားရဲ့ ဓမ္မတရားတော်တွေဟာ သံသရာဝဋ်ဆင်းရဲက လွတ်အောင် လမ်းပြရှေ့ဆောင်နိုင်ကြောင်း ယုံမှားဖွယ် မရှိပါဘူး။ ဗုဒ္ဓမြတ်စွာရဲ့ ဓမ္မဟာ....

အစ (ကြားနာရခြင်းဟူသော ကောင်းခြင်း)၊ အလယ်(ကျင့်ကြံအားထုတ်ရခြင်းဟူသော ကောင်းခြင်း)၊ အဆုံး(ကျင့်ကြံအားထုတ်ပြီးနောက် တရားထူးကို ရ၍ ဒုက္ခခပ်သိမ်း အေးငြိမ်းရာ နိဗ္ဗာန်ကို မြင်ရ၊ မျက်မှောက်ပြုရ) ခြင်းဟူသော ကောင်းခြင်းတို့နှင့် ပြည့်စုံပါတယ်။ ကိုယ်နားလည်နိုင်တဲ့ တရား နာကြည့်ပါ။ ကိုယ်နားလည် သဘောပေါက်နိုင်တဲ့ တရားစာအုပ် ဖတ်ကြည့်ပါ။ စနစ်တကျ ကျင့်ကြံပွားများ ကြည့်ပါ။ သိသာပါလိမ့်မယ်။ မြတ်စွာဘုရားရဲ့ ဓမ္မဟာ အာမခံချက် အပြည့်ရှိပါတယ်။ စ၊လယ်၊ဆုံး သုံးပါးစလုံး ကောင်းမွန်စွာ ဟောကြားအပ်တဲ့ တရားပါ။

(၂) သန္ဒိဌိက(သန္ဒိဌိကော ဘဂဝတော ဓမ္မော)

သန္ဒိဌိကဂုဏ်တော်ဆိုတာ 'ကိုယ်တိုင် သိမြင်ခြင်းငှာ ထိုက်တော်မူဧ။်' လို့ မြန်မာလို ဆိုနိုင်ပါတယ်။ ”ဘုရားရှင် ဟောတော်မူအပ်သော တရားတော်သည် ဟောတော်မူထားသည့်အတိုင်းသာ ကျင့်ကြံအားထုတ် ကြလျှင် မဂ်ဖိုလ်အထိ ပေါက်ရောက်နိုင်ပေဧ။်။ မဂ်ဖိုလ်ရလျှင် နိဗ္ဗာန်ကို ကိုယ်တိုင် သိနိုင်ဧ။်။" (ဆရာတော်ကြီး အရှင် ဇနကာဘိဝံသက ရတနာ့ဂုဏ်ရည် စာအုပ်မှာ သည်အတိုင်း ရေးတော်မူခဲ့ပါတယ်)

(၃) အကာလိကဂုဏ်တော် (အကာလိကော ဘဂဝတော ဓမ္မော)

အချိန်မဆိုင်းဘဲ စိတ်အေးချမ်းသာမှုနဲ့ လောကုတ္တရာ အကျိုးစီးပွားကို ပေးနိုင်တယ်။ (အကျိုးပေးဖို့ အချိန်ဆွဲ၍ ဖင့်နွှဲခြင်းမရှိ။ ရတနာ့ဂုဏ်ရည်)

(၄) ဧဟိပဿိကဂုဏ်တော် (ဧဟိပဿိကော ဘဂဝတော ဓမ္မော)

လာလော့ ရှုလော့ ဆိုတဲ့ ဂုဏ်တော်နဲ့ ပြည့်စုံတော်မူပါတယ်။ ခုန အချိန်မရွေး၊ နေရာမရွေး၊ အခြေအနေမရွေးဆိုတဲ့ အကာလိက ဂုဏ်တော်နဲ့ ဆက်လျက်ပါပဲ။ အဆင့်တော့ နည်းနည်းမြင့်သွားပြီလို့ ယူဆပါတယ်။ ”လာလော့” တဲ့။”ရှုလော့” တဲ့။ ဘယ်လိုနည်းနဲ့ စမ်းသပ်စစ်ဆေးချင်သလဲ။ ကြိုက်တဲ့နည်းနဲ့ စမ်းသပ်စစ်ဆေးပါ။ ကြိုက်တဲ့နည်းနဲ့ ဝေဖန်သုံးသပ်ပါ။ စမ်းချင်သလိုစမ်း၊ စစ်ချင်သလို စစ်ဆိုပြီး အပြည့်အဝ ခွင့်ပေးထားပါတယ်။ တရားဆီကို လာပါတဲ့။ တရားကို ရှုပါတဲ့။ ကျွန်တော်တို့ဟာ မိမိခန္ဓာကိုယ်မှာပဲ ရှိနေတဲ့ တရားကို အဝေးကြီးလို့ ထင်လေ့ ရှိကြပါတယ်။ ဗုဒ္ဓမြတ်စွာက ရောဟိတဿသုတ္တန်မှာ ”လောကရဲ့အစ၊ လောကရဲ့အဆုံးကို ဘယ်စကြဝဠာမှာမှ လိုက်ရှာမနေနဲ့။ ဤတစ်လံမျှရှိသော ခန္ဓာကိုယ်မှာပဲ လောကရဲ့ အစလည်းရှိတယ်။ လောကရဲ့ အဆုံးလည်း ရှိတယ်” လို့ တိတိလင်းလင်း ရှင်းရှင်းပြတ်ပြတ် ဟောကြားထားပါတယ်။

(၅) သြပါနေယျိက (သြပါနေယျိကော ဘဂဝတော ဓမ္မော)

ကိုယ်နှင့်မကွာ၊ စိတ်နဲ့မကွာ အမြဲတမ်းဆောင်ထားအပ်သော ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏ တဲ့ ။ (မိမိစိတ်သို့ ကပ်၍ ဆောင်ယူထိုက်၏)

(၆) ပစ္စတံဝေဒိတဗ္ဗဝိညူဟိ

သူတော်စင်ပညာရှိတို့ ဆင်ခြင်သဘောပေါက်နိုင်တဲ့ ဂုဏ်တော်နဲ့ ပြည့်စုံတော်မူပါပေ၏တဲ့။

ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဓမ္မတရားကို သိရှိနားလည်သဘောပေါက်ပြီး ကျင့်သုံးနိုင်ဖို့ အရေးကြီးဆုံး အချက်က ”ပညာ”။ ဥာဏ်ပညာ (အသိဥာဏ်ပညာ) ရင့်ကျက်ဖို့ပါပဲ။ ပညာရင့်ကျက်လာဖို့ တစ်ဆင့်ချင်း တက်လာနိုင်ပါတယ်။ ဒါဖြင့် ဥာဏ်ပညာနုံနဲ့သူတွေ အတွက်တော့ သဘောမပေါက်နိုင်ဖူးတဲ့လား။ မဟုတ်ပါ။ မြတ်စွာဘုရားက နည်းမျိုးစုံသုံးပြီး ဟောကြားတော်မူခဲ့ပါတယ်။ ဥပမာ - လယ်သမားကို လယ်သမား နားလည်နိုင်တဲ့ ဥပမာ ဥပမေယျတွေနဲ့ ဟောပါတယ်။ [သံယုတ္တနိကာယ်၊ သဂါထာဝဂ္ဂဗြာဟ္မဏသံယုတ် ၊ (ကသိဘာရဒွာဇသုတ်) မှာ အကျယ်ဖတ်နိုင်ကြောင်းပါ။ ] မြင်းထိန်း (မြင်းမွေးတဲ့ မြင်းဆရာ) ကို မြင်းထိန်းကျောင်းတဲ့နည်း၊ မြင်းသမားဝေါဟာရတွေနဲ့ ရှင်းလင်းဟောကြားခဲ့ပါတယ်။

Thursday, November 20, 2008

နှစ်ထပ်မြို့တော်

နှစ်ထပ်ဘတ်စ်ကားတွေက
နှစ်ထပ်ဖြစ်နေတဲ့ ကားလမ်းတွေပေါ်မှာ
နှစ်ထပ်ဖြစ်နေတဲ့ လူကူးတံတားများနဲ့
မိုးမျှော်တိုက်တွေသာ များတဲ့ ဒီမြို့က
(တချို့နေရာတွေမှာတော့..)
နှစ်ထပ်တိုက်လှလှလေးတွေကော
နှစ်ထပ်တိုက်အဟောင်းအမြင်းတွေပါ
တစွန်းတစ တန်ဆာဆင်လို့
အတော်များများ နှစ်ထပ်ဖြစ်နေတဲ့ ဒီမြို့တော်မှာ..

နှစ်ထပ်ဖြစ်နေတဲ့ မိသားစုတွေကော
တခြားမြို့တော်တွေမှာလိုပဲ
ဘယ်လောက်ရှိနေမလဲ။

အိုမင်းမစွမ်း မိဘအပေါ်
အလိမ္မာမှာ အကြင်နာနှစ်ထပ်ဆင့်မယ့်
သားသမီးတွေကော
ဘယ်နှစ်ရာလောက်များ ရှိနေမလဲ။

အလုပ်နှစ်ထပ်လုပ်
ကျားကုတ်ကျားခဲနဲ့
ဘဝထဲက လူငယ်တွေကော
ဘယ်နှစ်ယောက်လောက် ရှိမလဲ။

ဘာပဲပြောပြော
ဒီနှစ်ထပ်မြို့တော်မှာ..
ခဏတာလား
တဘဝစာလား
မသေချာပေမယ့်
အသားအရောင်ပေါင်းစုံ
ဆံပင်အရောင်ပေါင်းစုံ
အရွယ်ပေါင်းစုံနဲ့
လူမျိုးပေါင်းစုံကတော့
နှစ်ထပ်မကတဲ့ မိုးမျှော်တိုက်တွေလို..
နေရာအနှံ့...။

နေ့လည် ၁နာရီ ၄၂မိနစ်
နိုဝင်ဘာလ ၂၀ရက် ၂၀၀၈ခုနှစ်။

Sunday, November 02, 2008

လှချင်တယ်လား..ဝါး

ဘာရယ်မဟုတ် မဘလော့ခ်တော့ဘူးဆိုကာမှ...သတိရလာတာနဲ့ ဒီပို့စ်လေး ကောက်ရေးလိုက်ပါတယ်။ လှမလားဆိုပြီး ကျွန်မ လုပ်မိသမျှ ကမောက်ကမ ဖြစ်ခဲ့ရတာတွေ ရှိခဲ့ဘူးပါတယ်။

ကျွန်မ လေးတန်းတက်စမှာ ကျွန်မတို့ မောင်နှမကို ထိန်းခဲ့တဲ့ အဒေါ်က မင်္ဂလာဆောင်ပါတယ်။ အဒေါ့်မင်္ဂလာဆောင်ဆိုတော့..ကျွန်မဖို့ အကျီ င်္စကတ်စ် အသစ်၊ အကိုဖို့ ရှပ်အကျီ င်္အသစ်တွေ ပွဲနဲ့လိုက်အောင်ဆိုပြီး လူကြီးတွေက ချုပ်ပေးပါတယ်။ အဲဒီမှာ ကျွန်မအတွက် စကတ်စ်ကလေးက တိုက်စကတ်စ်ခေါ်မှာပေါ့နော်..အဲဒီခေတ်က ခါးမှာအတိပေမယ့် ဒူးမရောက်ခင်လောက်ကနေ စပြီး ပွသွားပြီး အောက်နားမှာ ခပ်ကားကားလေးဖြစ်အောင် ညှပ်ထားတဲ့ ဟာမျိုးပါ။ ထီးပုံလို့ ခေါ်ရင် ပိုမှန်မလားမသိဘူး။ ထီးလောက်တော့ မကားပါဘူး။ အဖွားက အဒေါ် မင်္ဂလာဆောင်က တခြားဟာတွေမှာလဲ ချဲ့ထားလို့ သတို့သားဘက်က ငွေအတော်ကုန်နေပြီမို့ ကလေးတွေ အတွက် တကယ်တော့လည်း ချဲ့သည်ဖြစ်စေ၊ မချဲ့သည်ဖြစ်စေ သိပ်မသိသာဘူး ဆိုပြီး ချွေတာပေးချင်တဲ့ စေတနာနဲ့ အဘွားငယ်ငယ်ကဝတ်ခဲ့တဲ့ ချိတ်ထမီ အဝါလေး (ဝနေပြီမို့ အဖွား အဲဒီ ထမီကို ဝတ်လို့ မတော်တော့ပါဘူး) ကို ဖျက်ပြီး ကျွန်မကိုယ်တိုင်းနဲ့ ဆိုင်မှာ လိုက်အပ်ပေးပါတယ်။ အဲဒီစကတ်စ်ရလာတော့လည်း သူတို့ စအပ်ကတည်းက ထမီစ အလေမဖြစ်အောင်ဆိုပြီး အောက်နားမှာ အတွင်းဘက်ကို လိပ်ခေါက်ထားတာ သုံးပတ်လောက် ရှိပါတယ်။ နည်းနည်းကြီးလာတဲ့ ထိ ဝတ်လို့ရအောင်လို့ လုပ်ထားတာပါ။ မသိမသာ နည်းနည်းလေးကြီးပါတယ်။ ကျွန်မငယ်ငယ်ကတည်းက စကားလုံးအဆန်းအပြားတွေ ပြောတတ်ပါတယ်။ အဲလိုမျိုး အကျီ င်္တွေ စကတ်စ်တွေကို မေမေတို့ ဖွားဖွားတို့က ဆင်တဲ့အခါ ”သမီးကို ဒီစီမံကိန်း အကျီ င်္တွေ စကတ်စ်တွေပဲ ချုပ်ပေးနေတာပဲ” လို့ လူကြီးတွေကို ဂျစ်တိုက်နေကြပါ။ ဂျစ်တိုက်ပေမယ့် ပြီးတော့လည်း ဝတ်ရတာပါပဲ :(

အဲဒီစကတ်စ်ကလေးက အဒေါ့်မင်္ဂလာဆောင်မှာတော့ အတော် အဆင်ပြေပါတယ်။ ပွဲနဲ့ လိုက်ဖက်ညီစွာနဲ့ပါပဲ။ အဲလိုနဲ့ နောက်ထပ် လူကြီးတွေ တခါတလေ ခေါ်တတ်တဲ့ မင်္ဂလာဆောင် နှစ်ခု သုံးခုလောက် လိုက်သွားတဲ့ အခါ ဝတ်ပြီး အဲဒီစကတ်စ်လေးက ဝတ်ဖို့ အခွင့်မရတော့ပါဘူး။ အဖွားရဲ့ ငယ်ငယ်ကတည်းက ထမီဆိုပေမယ့် ပိုးချိတ်သိပ်မထူတာလည်း အမှန်ပေမယ့် အရောင်လဲမကျ ပိတ်လည်းမဆွေးပါဘူး။ လှကလည်းလှပါတယ်။ ၆တန်းပြီးခါနီးမှာ အဲဒီစကတ်စ်ကို အောက်နားက ခေါက်ထားတာတွေ ဖြေပြီး ဝတ်လို့က ရနေသေးတော့ တရက် ကျူရှင်အသွားမှာ ဝတ်သွားတော့ ကျွန်မသူငယ်ချင်း ရွှေရိုးက လက်ညှိုးထိုး ဟားပါတယ်။ သူကဟားရုံဟားပြီး စကားမဆက်ပေမယ့် သူ့အကိုက အဲဒီနေ့က စပြီး ကျွန်မကို ဗန္ဓုလဘောင်းဘီလို့ နာမည်ဖျက်ပြီး နောက်ပြောင်ပါတော့တယ်။ ပြန်စဉ်းစားကြည့်တဲ့အခါ..နည်းနည်းပြောင်လက်တဲ့ပိုးချိတ်စကတ်စ် အဝါလေးကို မဝတ်ရတော့မှာစိုးပြီး မတော်တဲ့ ကျူရှင်လိုမျိုးကို ခပ်ပိန်ပိန် ကိုယ့်ပုံစံနဲ့ နေ့ခင်းဘက်ကြီး ဝတ်သွားမိတော့ သူပြောသလိုပဲ ဗန္ဓုလဘောင်းဘီ ဖြစ်တော့တာပေါ့။အဲဒီအချိန်က ယဉ်ကျေးမှုက ပြဇာတ်တွေက TV ကလွှင့်နေကျဆိုတော့ သူပြောတာ ကွက်တိပါပဲ။ နန်းတွင်းသားတွေ ပုဆိုးအပွ ခါးတောင်းကျိုက်ထားတတ်တဲ့ပုံစံမျိုးမှာ အောက်က သပ်သပ်ထွက်နေတတ်တဲ့ ဘောင်းဘီအပွလိုမျိုးကိုး။ ပိုရီရတာက ကျွန်မ အဲလိုဝတ်တာကို သဘောကျလို့ ဆိုပြီး ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်း ငပြူးက သူ့မားမားကို တရုတ်တွေ ဝတ်လေ့မရှိတဲ့ အဲဒီချိတ်ပုံစံမျိုး ဗေဒါရောင်လေးကို ခုနှစ်တန်းနှစ်စမှာ ကျွန်မအတိုင်းပဲ ပုံစံတူတူလိုက်ချုပ်ပြီး ဝတ်ပါတယ်။ ဟီး...ဒီကောင်နဲ့ ကျွန်မ ငယ်ငယ်က အဲလိုပဲ ပေါတာချင်းတူ အရှူးထတာလဲတူပြီး ဆင်တူချုပ်တာတို့၊ သူဝယ်ရင် ငါလည်းဝယ်တယ်တို့ စသဖြင့် ပုံစံတူပြီး အရောင်ကွဲတာ၊ အရောင်တူပြီး ပုံစံကွဲတာ အဲဒါမျိုး girly nature တွေ လုပ်တတ်တယ်။

ကျွန်မအဒေါ်က ဆံပင်ကောက်တာကြိုက်ပါတယ်။ ခုထိလဲ ကောက်တုန်းပါ။ သူဆံပင်ကောက်တာ အဖော်လိုက်လိုက်သွားပြီး တခါ ကျွန်မပူဆာတာနဲ့ ကျွန်မကိုပါ တခေါင်းလုံး ဆံပင်ကောက်ပေးလိုက်ပါတယ်။ အဲဒီဆံပင်က ကျွန်မနဲ့ လိုက်မလိုက်ဆိုတာ နွေရာသီကျောင်းပိတ်ရက် ဖေဖေမေမေတို့ဆီ ကျောင်းပိတ်သုံးလပြန်တော့ ဖေဖေ့တပည့်တွေက ကပ္ပလီမလို့ ခေါ်ကြတဲ့အထိ။ လျှပ်စီးလက်အောင်ဆော့တဲ့ ကျွန်မ နေပူထဲလျှောက်ဆော့ပြီး အသားမည်းမည်း ဆံပင်ကောက်ကောက် ပိန်ပိန်ဆိုတော့ ခေါ်ခံရတာတောင် နည်းပါသေးတယ်။

ဆယ်တန်းအောင်ပြီးတော့ သူငယ်ချင်း ယောက်ကျားလေးတွေနဲ့ တွဲမိပြီး ကဗျာရေးတာတို့၊ လက်ဖက်ရည်ဆိုင်ထိုင်ပြီး လေကန်တာတို့၊ သီချင်းဆိုတာတို့ လုပ်နေတာနဲ့ လူပါ ယောက်ကျားလေး အရမ်းဆန်သွားပါတယ်။ မိန်းကလေးလိုမျိုး လှလှပပ လိမ်းခြယ်ဝတ်ရင်ကို ဟားချင်လာတယ်။ ရှပ်အကျီ င်္တွေပဲ အဝတ်များခဲ့ပါတယ်။ ဘာမှ မလိမ်းတဲ့ မျက်နှာပြောင်နဲ့ ရှပ်အကျီ င်္ကို country ပုံစံ အကွက်လှလှရှာပြီး ကျွန်မတို့တွေ ချုပ်ဝတ်ကြပါတယ်။ ပိတ်သားထဲကို ရိုက်သွင်းပြီးမှ တပ်ရတဲ့ ပုလဲကြယ်သီးတပ်ထားတဲ့ country ပုံစံ အနီ၊ အပြာ၊ အစိမ်း၊ အညိုရှပ်တွေက အဲဒီအရွယ်က စိတ်ထဲ တအားမိုက်တယ်ဆိုပြီး ကြိုက်တာပါ။ ကျွန်မတို့စိတ်ထဲ ထင်ခဲ့တဲ့ အလှဆုံး ဝတ်စုံပါ။ contry shirt အနီကွက်နဲ့ အောက်က ထမီကတော့ ယောထမီတို့၊ ချည်သားပြောင်တွေနဲ့ပေါ့...။ ဆံပင်တွေကတော့ Heavy Metal သီချင်းတွေကို အရမ်းကြိုက်နေတဲ့ အချိန်ဆိုတော့ ပုခုံးကျော်ကျော်အရှည်ထားပြီး layers တွေ ညှပ်လေ့ရှိပါတယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ်...contry shirt နဲ့ အဲဒီ steps ဆံပင်ရှည်ရှည်နဲ့..လက်ဖက်ရည်ဆိုင်တွေရှေ့က ဆောင့်ကြွားကြွား ဖြတ်လျှောက်သွားတဲ့အခါ တခါတလေ လေးဖြူလို့ အနောက်ခံရရင် မြှောက်ကြွ မြှောက်ကြွနဲ့ ကျိတ်ပျော်တတ်သေးတယ်။

ဒီလိုနဲ့ ငယ်ငယ်က ဆံပင်ကောက်ဖူးတာ ငါနဲ့ မလိုက်ဘူးဆိုပြီး ကျွန်မ စိတ်မှာ အသေမှတ်ထားတယ်။ နောက် ဘယ်တော့မှ မကောက်တော့ဘူးလို့လဲ ဆုံးဖြတ်ထားတာပဲ။ ဒါပေမယ့်..ဒါပေမယ့်ပေါ့လေ... စင်ကာပူ ရောက်ပြီးသကာလ နဂိုက ဆံပင်ပါးရတဲ့ ကြားထဲ ဒီက ရေတွေကပဲ ဆေးခပ်တာများသလား၊ ကိုယ်ကပဲ အသက်ကြီးလာလို့ ဓာတ်တွေ ချို့တဲ့လာသလား မပြောတတ်ပါဘူး။ ဆံပင်တွေ အရမ်းကျွတ်တာနဲ့ ဆံပင် နည်းနည်းများသလိုလို ပြန်ဖြစ်လာမလား မျှော်လင့်ပြီး ကောက်လိုက်မိပါတယ်။ ကောက်တဲ့နေ့က မှတ်မှတ်ရရ ခြောက်နှစ်ကျော်ခင်ခဲ့ကြတဲ့ ရန်ကုန်အလုပ်ထဲကလူတွေ သူငယ်ချင်း ယောက်ကျားလေး မိန်းကလေးတွေ တစ်ယောက်မကပါပါတယ်။ city hallက ဆံပင်ဆိုင်တခုမှာပါပဲ။ ပုံပြပြီးကောက်တာပါ။ အားလုံးကလည်း ကျွန်မထက်ငယ်ပေမယ့် မောင်နှမတွေလိုလည်း ခင်နေတော့ တို့အမကြီး ဆံပင်ကောက်နေတယ်ပေါ့နော်။ ဘာပုံလည်းပေါ့..ကျွန်မက ဘုမသိဘမသိ style တွေ ဘာတွေ နားမလည်ပေမယ့် Nicole Kidman ကြိုက်တဲ့သူဆိုတော့ ဒီမင်းသမီးရုပ်နဲ့ ကိုယ့်ရုပ်က နံသာဆီနဲ့ အီးလို ကွာတာ သိပေမယ့် ကိုယ်ကြိုက်တဲ့ တခေါင်းလုံးကောက်ပြီးဘေးခွဲခွဲထားတဲ့ သူ့ဓာတ်ပုံ လက်ညှိုးထိုးပြီး ဒီပုံလို့ ပြလိုက်ပါတယ်။ အတူလာတဲ့ ဆံပင်ကျွမ်းကျင်တဲ့ သူငယ်ချင်းက လိုက်ပါ့မလား တချက်တွေသွားပါသေးတယ်။ နောက်တော့ ကျွန်မသိပ်စိတ်အားထက်သန်နေတာနဲ့ ကျွန်မစိတ်ချမ်းသာပါစေ ဆိုပြီး မပြောတော့ပါဘူး။ ချပေါ့ဆိုပြီး..ထားခဲ့ပါတယ်။ ကောက်ပြီးတဲ့အချိန် hair dresser က ကြည့်တော့ဆိုတဲ့ အခါ ..ကိုယ့်ပုံကို မှန်ထဲ မြင်တဲ့ အချိန်မှာ ငါမှားပြီ ဆိုတာ သိလိုက်ပါပြီ။ တော်တော်လဲ စိတ်ပိန်သွားတယ်။ အမှားအယွင်းတခုကို ငါ လုပ်လိုက်မိပြန်ပါပေါ့လားလို့ မချိတင်ကဲဖြစ်သွားတယ်။ ဒါပေမယ့် ပြင်လို့ မရတော့ဘူး။ ဆံပင်တွေက တခေါင်းလုံးကောက်ကွေးလို့ နေပါပြီ။ သူတို့ ခဏနေ တပတ်ပြန်လာခေါ်ကြတဲ့အခါ အားလုံးမပါလာပါစေနဲ့ ဆုတောင်းပေမယ့် မပြည့်ပါဘူး။ စောစောက လူတော်တော်များများပြန်ပါလာပါတယ်။ ဒါနဲ့ သူတို့ ပြောမှဆိုမှ ဆို ငါမသက်သာလောက်ဘူးဆိုပြီး ကိုယ့်ဘာသာပဲ ကိုယ်ပဲ ”ငါ့ကွာ.. Nicole Kidman နဲ့ တူမယ် ထင်ပြီး ကောက်လိုက်တာ ပြီးလည်းပြီးရော မှန်ထဲ ကြည့်လိုက်တော့ ထူးအိမ်သင်ကြီး တွေ့လိုက်ရတယ်” လို့ ကိုယ့်ဘာသာ ကြိုဟာသလုပ်ထားလိုက်ပါတယ်။ အားလုံး တဝါးဝါးတဟားဟားနဲ့ ရီလိုက်ကြတာ pennisula plaza ကြီးတောင် နည်းနည်းတုန်သွားလား မသိဘူး။ အဲဒီတုန်းက pennisula plaza ထဲမှာပဲ ဆံပင်ကောက်ပြီးပြီးချင်း အမှတ်တရ ဆိုပြီး ရိုက်ထားတဲ့ ဓာတ်ပုံ ခပ်ဝါးဝါးတော့ computer ထဲမှာ ခုထိ ရှိသေးရဲ့...။