Sunday, November 02, 2008

လှချင်တယ်လား..ဝါး

ဘာရယ်မဟုတ် မဘလော့ခ်တော့ဘူးဆိုကာမှ...သတိရလာတာနဲ့ ဒီပို့စ်လေး ကောက်ရေးလိုက်ပါတယ်။ လှမလားဆိုပြီး ကျွန်မ လုပ်မိသမျှ ကမောက်ကမ ဖြစ်ခဲ့ရတာတွေ ရှိခဲ့ဘူးပါတယ်။

ကျွန်မ လေးတန်းတက်စမှာ ကျွန်မတို့ မောင်နှမကို ထိန်းခဲ့တဲ့ အဒေါ်က မင်္ဂလာဆောင်ပါတယ်။ အဒေါ့်မင်္ဂလာဆောင်ဆိုတော့..ကျွန်မဖို့ အကျီ င်္စကတ်စ် အသစ်၊ အကိုဖို့ ရှပ်အကျီ င်္အသစ်တွေ ပွဲနဲ့လိုက်အောင်ဆိုပြီး လူကြီးတွေက ချုပ်ပေးပါတယ်။ အဲဒီမှာ ကျွန်မအတွက် စကတ်စ်ကလေးက တိုက်စကတ်စ်ခေါ်မှာပေါ့နော်..အဲဒီခေတ်က ခါးမှာအတိပေမယ့် ဒူးမရောက်ခင်လောက်ကနေ စပြီး ပွသွားပြီး အောက်နားမှာ ခပ်ကားကားလေးဖြစ်အောင် ညှပ်ထားတဲ့ ဟာမျိုးပါ။ ထီးပုံလို့ ခေါ်ရင် ပိုမှန်မလားမသိဘူး။ ထီးလောက်တော့ မကားပါဘူး။ အဖွားက အဒေါ် မင်္ဂလာဆောင်က တခြားဟာတွေမှာလဲ ချဲ့ထားလို့ သတို့သားဘက်က ငွေအတော်ကုန်နေပြီမို့ ကလေးတွေ အတွက် တကယ်တော့လည်း ချဲ့သည်ဖြစ်စေ၊ မချဲ့သည်ဖြစ်စေ သိပ်မသိသာဘူး ဆိုပြီး ချွေတာပေးချင်တဲ့ စေတနာနဲ့ အဘွားငယ်ငယ်ကဝတ်ခဲ့တဲ့ ချိတ်ထမီ အဝါလေး (ဝနေပြီမို့ အဖွား အဲဒီ ထမီကို ဝတ်လို့ မတော်တော့ပါဘူး) ကို ဖျက်ပြီး ကျွန်မကိုယ်တိုင်းနဲ့ ဆိုင်မှာ လိုက်အပ်ပေးပါတယ်။ အဲဒီစကတ်စ်ရလာတော့လည်း သူတို့ စအပ်ကတည်းက ထမီစ အလေမဖြစ်အောင်ဆိုပြီး အောက်နားမှာ အတွင်းဘက်ကို လိပ်ခေါက်ထားတာ သုံးပတ်လောက် ရှိပါတယ်။ နည်းနည်းကြီးလာတဲ့ ထိ ဝတ်လို့ရအောင်လို့ လုပ်ထားတာပါ။ မသိမသာ နည်းနည်းလေးကြီးပါတယ်။ ကျွန်မငယ်ငယ်ကတည်းက စကားလုံးအဆန်းအပြားတွေ ပြောတတ်ပါတယ်။ အဲလိုမျိုး အကျီ င်္တွေ စကတ်စ်တွေကို မေမေတို့ ဖွားဖွားတို့က ဆင်တဲ့အခါ ”သမီးကို ဒီစီမံကိန်း အကျီ င်္တွေ စကတ်စ်တွေပဲ ချုပ်ပေးနေတာပဲ” လို့ လူကြီးတွေကို ဂျစ်တိုက်နေကြပါ။ ဂျစ်တိုက်ပေမယ့် ပြီးတော့လည်း ဝတ်ရတာပါပဲ :(

အဲဒီစကတ်စ်ကလေးက အဒေါ့်မင်္ဂလာဆောင်မှာတော့ အတော် အဆင်ပြေပါတယ်။ ပွဲနဲ့ လိုက်ဖက်ညီစွာနဲ့ပါပဲ။ အဲလိုနဲ့ နောက်ထပ် လူကြီးတွေ တခါတလေ ခေါ်တတ်တဲ့ မင်္ဂလာဆောင် နှစ်ခု သုံးခုလောက် လိုက်သွားတဲ့ အခါ ဝတ်ပြီး အဲဒီစကတ်စ်လေးက ဝတ်ဖို့ အခွင့်မရတော့ပါဘူး။ အဖွားရဲ့ ငယ်ငယ်ကတည်းက ထမီဆိုပေမယ့် ပိုးချိတ်သိပ်မထူတာလည်း အမှန်ပေမယ့် အရောင်လဲမကျ ပိတ်လည်းမဆွေးပါဘူး။ လှကလည်းလှပါတယ်။ ၆တန်းပြီးခါနီးမှာ အဲဒီစကတ်စ်ကို အောက်နားက ခေါက်ထားတာတွေ ဖြေပြီး ဝတ်လို့က ရနေသေးတော့ တရက် ကျူရှင်အသွားမှာ ဝတ်သွားတော့ ကျွန်မသူငယ်ချင်း ရွှေရိုးက လက်ညှိုးထိုး ဟားပါတယ်။ သူကဟားရုံဟားပြီး စကားမဆက်ပေမယ့် သူ့အကိုက အဲဒီနေ့က စပြီး ကျွန်မကို ဗန္ဓုလဘောင်းဘီလို့ နာမည်ဖျက်ပြီး နောက်ပြောင်ပါတော့တယ်။ ပြန်စဉ်းစားကြည့်တဲ့အခါ..နည်းနည်းပြောင်လက်တဲ့ပိုးချိတ်စကတ်စ် အဝါလေးကို မဝတ်ရတော့မှာစိုးပြီး မတော်တဲ့ ကျူရှင်လိုမျိုးကို ခပ်ပိန်ပိန် ကိုယ့်ပုံစံနဲ့ နေ့ခင်းဘက်ကြီး ဝတ်သွားမိတော့ သူပြောသလိုပဲ ဗန္ဓုလဘောင်းဘီ ဖြစ်တော့တာပေါ့။အဲဒီအချိန်က ယဉ်ကျေးမှုက ပြဇာတ်တွေက TV ကလွှင့်နေကျဆိုတော့ သူပြောတာ ကွက်တိပါပဲ။ နန်းတွင်းသားတွေ ပုဆိုးအပွ ခါးတောင်းကျိုက်ထားတတ်တဲ့ပုံစံမျိုးမှာ အောက်က သပ်သပ်ထွက်နေတတ်တဲ့ ဘောင်းဘီအပွလိုမျိုးကိုး။ ပိုရီရတာက ကျွန်မ အဲလိုဝတ်တာကို သဘောကျလို့ ဆိုပြီး ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်း ငပြူးက သူ့မားမားကို တရုတ်တွေ ဝတ်လေ့မရှိတဲ့ အဲဒီချိတ်ပုံစံမျိုး ဗေဒါရောင်လေးကို ခုနှစ်တန်းနှစ်စမှာ ကျွန်မအတိုင်းပဲ ပုံစံတူတူလိုက်ချုပ်ပြီး ဝတ်ပါတယ်။ ဟီး...ဒီကောင်နဲ့ ကျွန်မ ငယ်ငယ်က အဲလိုပဲ ပေါတာချင်းတူ အရှူးထတာလဲတူပြီး ဆင်တူချုပ်တာတို့၊ သူဝယ်ရင် ငါလည်းဝယ်တယ်တို့ စသဖြင့် ပုံစံတူပြီး အရောင်ကွဲတာ၊ အရောင်တူပြီး ပုံစံကွဲတာ အဲဒါမျိုး girly nature တွေ လုပ်တတ်တယ်။

ကျွန်မအဒေါ်က ဆံပင်ကောက်တာကြိုက်ပါတယ်။ ခုထိလဲ ကောက်တုန်းပါ။ သူဆံပင်ကောက်တာ အဖော်လိုက်လိုက်သွားပြီး တခါ ကျွန်မပူဆာတာနဲ့ ကျွန်မကိုပါ တခေါင်းလုံး ဆံပင်ကောက်ပေးလိုက်ပါတယ်။ အဲဒီဆံပင်က ကျွန်မနဲ့ လိုက်မလိုက်ဆိုတာ နွေရာသီကျောင်းပိတ်ရက် ဖေဖေမေမေတို့ဆီ ကျောင်းပိတ်သုံးလပြန်တော့ ဖေဖေ့တပည့်တွေက ကပ္ပလီမလို့ ခေါ်ကြတဲ့အထိ။ လျှပ်စီးလက်အောင်ဆော့တဲ့ ကျွန်မ နေပူထဲလျှောက်ဆော့ပြီး အသားမည်းမည်း ဆံပင်ကောက်ကောက် ပိန်ပိန်ဆိုတော့ ခေါ်ခံရတာတောင် နည်းပါသေးတယ်။

ဆယ်တန်းအောင်ပြီးတော့ သူငယ်ချင်း ယောက်ကျားလေးတွေနဲ့ တွဲမိပြီး ကဗျာရေးတာတို့၊ လက်ဖက်ရည်ဆိုင်ထိုင်ပြီး လေကန်တာတို့၊ သီချင်းဆိုတာတို့ လုပ်နေတာနဲ့ လူပါ ယောက်ကျားလေး အရမ်းဆန်သွားပါတယ်။ မိန်းကလေးလိုမျိုး လှလှပပ လိမ်းခြယ်ဝတ်ရင်ကို ဟားချင်လာတယ်။ ရှပ်အကျီ င်္တွေပဲ အဝတ်များခဲ့ပါတယ်။ ဘာမှ မလိမ်းတဲ့ မျက်နှာပြောင်နဲ့ ရှပ်အကျီ င်္ကို country ပုံစံ အကွက်လှလှရှာပြီး ကျွန်မတို့တွေ ချုပ်ဝတ်ကြပါတယ်။ ပိတ်သားထဲကို ရိုက်သွင်းပြီးမှ တပ်ရတဲ့ ပုလဲကြယ်သီးတပ်ထားတဲ့ country ပုံစံ အနီ၊ အပြာ၊ အစိမ်း၊ အညိုရှပ်တွေက အဲဒီအရွယ်က စိတ်ထဲ တအားမိုက်တယ်ဆိုပြီး ကြိုက်တာပါ။ ကျွန်မတို့စိတ်ထဲ ထင်ခဲ့တဲ့ အလှဆုံး ဝတ်စုံပါ။ contry shirt အနီကွက်နဲ့ အောက်က ထမီကတော့ ယောထမီတို့၊ ချည်သားပြောင်တွေနဲ့ပေါ့...။ ဆံပင်တွေကတော့ Heavy Metal သီချင်းတွေကို အရမ်းကြိုက်နေတဲ့ အချိန်ဆိုတော့ ပုခုံးကျော်ကျော်အရှည်ထားပြီး layers တွေ ညှပ်လေ့ရှိပါတယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ်...contry shirt နဲ့ အဲဒီ steps ဆံပင်ရှည်ရှည်နဲ့..လက်ဖက်ရည်ဆိုင်တွေရှေ့က ဆောင့်ကြွားကြွား ဖြတ်လျှောက်သွားတဲ့အခါ တခါတလေ လေးဖြူလို့ အနောက်ခံရရင် မြှောက်ကြွ မြှောက်ကြွနဲ့ ကျိတ်ပျော်တတ်သေးတယ်။

ဒီလိုနဲ့ ငယ်ငယ်က ဆံပင်ကောက်ဖူးတာ ငါနဲ့ မလိုက်ဘူးဆိုပြီး ကျွန်မ စိတ်မှာ အသေမှတ်ထားတယ်။ နောက် ဘယ်တော့မှ မကောက်တော့ဘူးလို့လဲ ဆုံးဖြတ်ထားတာပဲ။ ဒါပေမယ့်..ဒါပေမယ့်ပေါ့လေ... စင်ကာပူ ရောက်ပြီးသကာလ နဂိုက ဆံပင်ပါးရတဲ့ ကြားထဲ ဒီက ရေတွေကပဲ ဆေးခပ်တာများသလား၊ ကိုယ်ကပဲ အသက်ကြီးလာလို့ ဓာတ်တွေ ချို့တဲ့လာသလား မပြောတတ်ပါဘူး။ ဆံပင်တွေ အရမ်းကျွတ်တာနဲ့ ဆံပင် နည်းနည်းများသလိုလို ပြန်ဖြစ်လာမလား မျှော်လင့်ပြီး ကောက်လိုက်မိပါတယ်။ ကောက်တဲ့နေ့က မှတ်မှတ်ရရ ခြောက်နှစ်ကျော်ခင်ခဲ့ကြတဲ့ ရန်ကုန်အလုပ်ထဲကလူတွေ သူငယ်ချင်း ယောက်ကျားလေး မိန်းကလေးတွေ တစ်ယောက်မကပါပါတယ်။ city hallက ဆံပင်ဆိုင်တခုမှာပါပဲ။ ပုံပြပြီးကောက်တာပါ။ အားလုံးကလည်း ကျွန်မထက်ငယ်ပေမယ့် မောင်နှမတွေလိုလည်း ခင်နေတော့ တို့အမကြီး ဆံပင်ကောက်နေတယ်ပေါ့နော်။ ဘာပုံလည်းပေါ့..ကျွန်မက ဘုမသိဘမသိ style တွေ ဘာတွေ နားမလည်ပေမယ့် Nicole Kidman ကြိုက်တဲ့သူဆိုတော့ ဒီမင်းသမီးရုပ်နဲ့ ကိုယ့်ရုပ်က နံသာဆီနဲ့ အီးလို ကွာတာ သိပေမယ့် ကိုယ်ကြိုက်တဲ့ တခေါင်းလုံးကောက်ပြီးဘေးခွဲခွဲထားတဲ့ သူ့ဓာတ်ပုံ လက်ညှိုးထိုးပြီး ဒီပုံလို့ ပြလိုက်ပါတယ်။ အတူလာတဲ့ ဆံပင်ကျွမ်းကျင်တဲ့ သူငယ်ချင်းက လိုက်ပါ့မလား တချက်တွေသွားပါသေးတယ်။ နောက်တော့ ကျွန်မသိပ်စိတ်အားထက်သန်နေတာနဲ့ ကျွန်မစိတ်ချမ်းသာပါစေ ဆိုပြီး မပြောတော့ပါဘူး။ ချပေါ့ဆိုပြီး..ထားခဲ့ပါတယ်။ ကောက်ပြီးတဲ့အချိန် hair dresser က ကြည့်တော့ဆိုတဲ့ အခါ ..ကိုယ့်ပုံကို မှန်ထဲ မြင်တဲ့ အချိန်မှာ ငါမှားပြီ ဆိုတာ သိလိုက်ပါပြီ။ တော်တော်လဲ စိတ်ပိန်သွားတယ်။ အမှားအယွင်းတခုကို ငါ လုပ်လိုက်မိပြန်ပါပေါ့လားလို့ မချိတင်ကဲဖြစ်သွားတယ်။ ဒါပေမယ့် ပြင်လို့ မရတော့ဘူး။ ဆံပင်တွေက တခေါင်းလုံးကောက်ကွေးလို့ နေပါပြီ။ သူတို့ ခဏနေ တပတ်ပြန်လာခေါ်ကြတဲ့အခါ အားလုံးမပါလာပါစေနဲ့ ဆုတောင်းပေမယ့် မပြည့်ပါဘူး။ စောစောက လူတော်တော်များများပြန်ပါလာပါတယ်။ ဒါနဲ့ သူတို့ ပြောမှဆိုမှ ဆို ငါမသက်သာလောက်ဘူးဆိုပြီး ကိုယ့်ဘာသာပဲ ကိုယ်ပဲ ”ငါ့ကွာ.. Nicole Kidman နဲ့ တူမယ် ထင်ပြီး ကောက်လိုက်တာ ပြီးလည်းပြီးရော မှန်ထဲ ကြည့်လိုက်တော့ ထူးအိမ်သင်ကြီး တွေ့လိုက်ရတယ်” လို့ ကိုယ့်ဘာသာ ကြိုဟာသလုပ်ထားလိုက်ပါတယ်။ အားလုံး တဝါးဝါးတဟားဟားနဲ့ ရီလိုက်ကြတာ pennisula plaza ကြီးတောင် နည်းနည်းတုန်သွားလား မသိဘူး။ အဲဒီတုန်းက pennisula plaza ထဲမှာပဲ ဆံပင်ကောက်ပြီးပြီးချင်း အမှတ်တရ ဆိုပြီး ရိုက်ထားတဲ့ ဓာတ်ပုံ ခပ်ဝါးဝါးတော့ computer ထဲမှာ ခုထိ ရှိသေးရဲ့...။

9 comments:

:P said...

စာရေးကောင်းတယ်နော်..တပြုံးပြုံးနဲ.ဖတ်သွားတယ်

ဇနိ said...

ထူးအိမ်သင် - နဲ့တူတယ်ဆိုလို့ ရီလိုက်ရတာ..
း)

Moe Cho Thinn said...

ကိုငှက်ကြီးစာ လာဖတ်သွားတယ်။
မဆိုးပါဘူး။ လေးဖြူနဲ့တူလိုက်၊ ထူးအိမ်သင်နဲ့ တူလိုက်ဆိုတော့.. :)

A Linn Nyi said...

အချိန်ပေးပြီး လာဖတ်တဲ့သူအားလုံးနဲ့ Link ထည့်ပေးတဲ့ wesheme (ကို) Andy တို့ စုံတွဲ ကို ကျေးဇူးတင်ကြောင်း လာပြောတာပါရှင်။ wesheme က cbox မှာ ပြောခဲ့ရင် max msg ရောက်ရင် ပြည့်ပြီး ပျောက်သွားမှာ စိုးလို့ :) ကျွန်မပို့စ်လေး ဖတ်ပြီး တပြုံးပြုံးနဲ့ comment ချန်ခဲ့တဲ့ ကိုဇနိ၊မဇနိတို့ စုံတွဲနဲ့ sindanlar နဲ့ အမချိုသင်း တို့ကိုလဲ ကျေးဇူး :)

Andy Myint said...

ကျွန်တော်တို့ လင်မယား နှစ်ယောက်လည်း အိမ်မှာ ပြန်ဖတ်လိုက် ရယ်လိုက်နဲ့ ပြောနေကြတာ။ အစ်မပုံကို မျက်စိထဲမှာ ဖော်လို့ရတော့ ပိုဖတ်လို့ ကောင်းတယ်လေ။ အစ်မ မျက်မှန် တပ်တာပါ သိတော့ ထူးအိမ်သင်လို့ ပြောလိုက်တာနဲ့ ပြေးမြင်နေပြီ ဟီးဟီး...

Sonata Cantata said...

လှချင်တယ်ဟေ့...ဝေ့

Anonymous said...

မင်္ဂလာဆောင်အတွက် ချုပ်တဲ့ စကပ်ပုံက ရေသူမစကပ်လို့ခေါ်မယ်ထင်တယ်.. ဖတ်ပြီး မျက်လုံးထဲပေါ်တာကိုပြောတာနော်..
ဆံပင်ကောက်ပြီး အရှက်ပြေ ဟာသလေးက တော်တော် ရီရလို့ တော်သေးတယ်.. မဗေဒါလဲ ကောက်မလို့စဉ်းစားနေတာ.. အမလို ကိုယ်နဲ့လိုက်တဲ့ ဟာသတစ်ခုခုရှာထားဦးမှ..
တခါမှ ဆံပင်မကောက်ဘူးတော့ မသိဘူး.. တော်တော်ရီရတယ်.. အမအကြောင်းလေးတွေဆက်ရေးပါ.. လာအားပေးပါ့မယ်..

Anonymous said...

မသီတာ..တကယ်လာလည်တယ်နော်။ ပျော်လွန်းလို့ မျက်ရည်တောင်ဝဲ..အဟဲ ..အပိုနည်းနည်းပြောတာ :D အမလာလည်သွားတာ ပျော်တာတော့ အမှန်ပဲ။
ဗေဒါလေးရေ...ဆံပင်က temporary အရင်ကောက်ကြည့်။ ညီမလေးနဲ့လိုက်မှ perm ကောက်။ အမတုန်းက အဲလို မလုပ်မိလို့ တနှစ်ကျော်ကျော်လုံး ပုံဆိုးကြီး နဲ့ အနောက်ခံရတာ။

Anonymous said...

လေးဖြူနဲ့ တူလိုက်၊ ထူးအိမ်သင်နဲ့ တူလိုက် ဆိုတော့ မိုက်တာပေါ့။ မချိုသင်း ပြောသလိုပဲ မဆိုးဘူး

Post a Comment