Tuesday, September 30, 2008

ပထမဆုံး ပုံရိပ်များ

ကလေးတယောက်ရဲ့ မိဘနဲ့ ငယ်စဉ်ကတည်းက ခွဲနေရတဲ့ ဆိုးကျိုး ကောင်းကျိုးတချို့ခပ်ပါးပါးပါအောင်လို့ မှတ်မိသလောက် ပထမဆုံးတွေကို wesheme က ကို Andy တက်ထားလို့ ရေးလိုက်ပါတယ်။

သိတတ်တဲ့ အရွယ်ရောက်တော့ ဖေဖေ တာဝန်ကျတဲ့ ဖြူးမြို့မှာ ကျွန်မနေနေပြီ။ ပထမဆုံးသူငယ်ချင်းက ဘုတ်အိ၊ဘုတ်ဆုံတို့ရဲ့ ညီမလေး..ကြည်ကြည်လှိုင်တဲ့။ တကယ်က သူ့ကို လုံးဝမမှတ်မိတော့ဘူး။ ပထမဆုံးသူငယ်ချင်းဆိုလို့ မေမေပြောပြဖူးတာကို သတိရပြီး ရေးလိုက်တာပါ။ ကျောင်းတက်တော့လဲ ဖြူးမြို့က ကျောင်းမှာပဲ စတက်တယ်။ ပထမဆုံးဆရာကတော့..ဦးဥာဏ်...ဆရာ့နောက်ကနာမည် မမှတ်မိတော့ဘူး။ ဆရာက သဘောကောင်းတာတော့ မှတ်မိတယ်။ ကျောင်းသွားရင် ရှိသမျှအိုးပိစိ ခွက်ပိစိ၊ မီးဖိုပိစိလေးတွေ အားလုံးလွယ်အိတ်ထဲထည့်သွားတယ်။ ကျောင်းရောက်တာနဲ့ ခုံအောက်ဝင်ပြီး အဲဒါတွေ အကုန်ခင်းပြီး ဟင်းချက်တမ်းဈေးရောင်းတမ်းဆော့တယ်။ ဆရာက တော်တော်နဲ့ မသိဘူး။ကလေးတွေကများတာကိုး။ ပြီး ကျွန်မက ခုံအောက်မှာ လူတကိုယ်လုံးဝင်ဆော့နေတာဆိုတော့ မရိပ်မိရှာပါဘူး။ နောက် သိသွားတော့လည်း ကျွန်မကို မရိုက်ပါဘူး။ ဒါပေမယ့် မေမေတို့ကို တိုင်တာနဲ့ အဲဒါတွေ မယူသွားရတော့ဘူး။ အဲဒီကျောင်းမှာ ၁လလား၂လားမသိဘူး။ခဏပဲ နေခဲ့ရတယ်။ အဲဒါအပြင် ဖြူးမှာ နေရင် ဖေဖေမေမေအလိုလိုက်ပုံနဲ့ ကျွန်မပညာရေးကောင်းမှာ မဟုတ်ဘူးဆိုပြီး ရန်ကုန်က အဖိုးအဖွားအိမ်ကို ပို့ခံရတယ်လေ။

ရန်ကုန်ရောက်တော့ ပုဇွန်တောင် အမက(၈)မှာ နေတယ်။ ကျောင်းအပ်တုန်းက အရမ်းငိုတယ်။ အိမ်ကလူတွေ ပြန်ရင် ပြေးလိုက်တယ်။ နောက်တော့ ကျွန်မထက် ပိုပြင်းပြင်းထန်ထန်ငိုတဲ့ သူ့အမေပြန်တာနဲ့ အတင်းအော်ဟစ်ငြင်းဆန်ပြီး ငိုပြီးပြေးပြေးလိုက်သွားတဲ့ ကောင်မလေးကို မြင်ပြီး ကိုယ့်ဘာသာကို ငိုဖို့မေ့သွားတယ်။ သူငိုတာမြင်ပြီး ကျွန်မက မငိုဖြစ်တော့ဘူး။ အဲဒီသူငယ်ချင်းက အေးစန္ဒာညွန့်ပါ။ အထက်တန်းကျောင်းမှာလဲ ပြန်တူပါတယ်။ ငယ်ငယ်က အရမ်းကို ကျောင်းကြောက်ခဲ့တဲ့သူမဟာ ဆေးကျောင်းရောက်ပြီး ဆရာဝန်ဖြစ်သွားတယ်။ ပထမဆုံး သူငယ်ချင်းယောက်ကျားလေးနှစ်ယောက်က စိုးသန်းထွန်းနဲ့ မျိုးမြင့်သန်း။ လေးတန်းမှာ ကျူရှင်တူတူယူနေလို့ ခင်သွားတယ်။ သူတို့နှစ်ယောက်ကတော့ ပညာရေးဘက် ဆက်မလိုက်ဖြစ်ဘူးထင်ရဲ့။ ခုတော့ သူတို့အားလုံးလဲ ရန်ကုန်မှာပဲလား တခြားနိုင်ငံတခုခုမှာလား မပြောတတ်ပါဘူး။

ကျွန်မဒေါ်လေးက စာဖတ်ဝါသနာပါတယ်။ သူဝယ်ပေးတဲ့ ရွှေသွေးတေဇတို့က ပထမဆုံးဖတ်ဖူးတဲ့ ကာတွန်းဂျာနယ်တွေပါပဲ။ ဒုတိယတန်းရောက်တော့ အရမ်းဆော့တဲ့ ကျွန်မ ရေနွေးပူလောင်ပြီး ငြိမ်ငြိမ်လေးနေရလို့ စာပဲဖတ်နေရတော့ ဒုတိယရပါတယ်။ ပထမဆုံး ဆုရဖူးခြင်းပါ။ ပထမ၊တတိယရတဲ့ သူငယ်ချင်းတွေ ဘယ်သူတွေလဲဆိုတာ မမှတ်မိတော့ပါဘူး။ တတိယတန်းလောက်မှာ ခိုးတယ်ဆိုရမယ့် ပထမဆုံးမကောင်းမှု ၂ခါ၃ခါလောက် လုပ်ခဲ့ဖူးတယ်။ အဖွားဝယ်ခိုင်းတဲ့ ဆီဝယ်ရင်း ကုန်စုံဆိုင်ပိုင်ရှင်က ဆိုင်အမြင့်ကြီးပေါ်မှာထိုင်တာဆိုတော့ သူမမြင်နိုင်တဲ့ အောက်က ဆာလာအိတ်အပြည့်ခင်းထားတဲ့ ကြံသကာတွေထဲက တခုနှစ်ခုလောက် ဆိုင်ရှင် မသိအောင် တွမ်လာတာပါ။ နောက်တော့ အဲလိုယူစားနေရင်း ခိုးတဲ့သူဟာနောက်ဘဝကျ သူတပါးအိမ်မှာ အိမ်စေပြန်လုပ်ရတယ်လို့ အိမ်ကသင်ထားတာ စိတ်မှာ အမှတ်ရလာတော့ မလုပ်ဖြစ်တော့ဘူး။ အဲဒီ ၂ခါ၃ခါ အတွက် ခုထိ စိတ်ထဲလေးနေတုန်းပါ။ USက ပြန်ရောက်တော့ ဆိုင်ရှင်ဆီ သွားပြီး ကြံသကာဖိုးပြန်ပေးဖို့ စိတ်ကူးနဲ့ပဲ ကြိုးစားခဲ့မိတယ်။ ဒီတခေါက် အိမ်ပြန်ဖြစ်ရင်တော့ သွားပေးဖြစ်အောင်ပေးမယ်၊ နည်းနည်းတော့ ကြောင်တက်တက်နိုင်ပေမယ့် မတတ်နိုင်ပါဘူး။ ခိုးစားခဲ့မိတာကိုး။မဟုတ်ရင် ကျွန်မသေခါနီးမှာ ခုထိစိတ်စွဲနေတဲ့ ဒီမကောင်းမှုက လေးလံစေမယ်ထင်ရဲ့။

လေးတန်းအောင်တော့ ဗိုလ်တထောင် ၅ အထက်တန်းကျောင်းကို ပြောင်းတယ်။ ငါးတန်းမှာ ဒေါ်လေးဖတ်တဲ့ ဝတ္ထုတွေ စခိုးဖတ်တယ်။ အချစ် ဝတ္ထုတွေမို့ မဖတ်ရဘူးလို့ တားမြစ်ထားတဲ့ လမင်းမိုမိုရဲ့ လုံးချင်း ဝတ္ထုတစ်အုပ်ပါ။ ဝတ္ထုနာမည်ကော ဇာတ်လမ်းကော မမှတ်မိတော့ပါဘူး။ ခြောက်တန်းမှာ အိမ်ကို စလိမ်တတ်ပါပြီ။ ဒန်းစီးချင်လို့ ဒန်းရှိတဲ့ နုနုလှိုင်ဆိုတဲ့ သူငယ်ချင်းအိမ်ကို ကျူရှင်မတက်ခင် သွားသွားခေါ်ရင်း ဒန်းစီးဖို့ အိမ်ကစောထွက်ချင်လို့ လိမ်တာပါ။ မိသွားတော့ မသက်သာပါဘူး။ စိတ်ကြီးတဲ့ ဖွားဖွားက လူကြီးကို မလိမ့်တပတ်လိမ်ရပါ့မလားဆိုပြီး ကြိမ်လုံးကျိုးအောင် အရိုက်ခံရပါတယ်။ ဗြဲ...နောက်တော့..အရိုက်ခံရတာ မကြိုက်လို့ ဘယ်တော့မှ မလိမ်ဖြစ်တော့ဘူး။

ခုနှစ်တန်းမှာ ဆေးပေါ့လိပ်စသောက်ကြည့်မိတယ်။ အဖွားက ဆေးလိပ်သောက်တော့ သူသောက်ရအောင် မီးညှိခိုင်းတော့ ညှိပေးရင်းနဲ့ လိုက်သောက်ကြည့်တာပါ။ တလိပ်လုံး ကုန်အောင် ကြိုးစားသောက်ဖူးပေမယ့် မကြိုက်ဘူးကွယ်။ ကိုးတန်းရောက်တော့ အကိုနဲ့ နှစ်ယောက်တူတူပေါင်းပြီး ထူးအိမ်သင်ရဲ့ နာရီပေါ်ကမျက်ရည်စက်များ သီချင်းခွေ စဝယ်တယ်။ ဆယ်တန်းနှစ် ထန်းတပင်မြို့နယ်ပွဲမှာ ထူးအိမ်သင်နဲ့ ပေါက်ပေါက်ရဲ့ စုံတွဲ သီချင်းရယ် ဟေမာနေ၀င်းရဲ့ သီချင်းတစ်ပုဒ်ရယ် စင်ပေါ်မှာ စဆိုဖူးပါတယ်။ TV မှာ ပထမဆုံးလွှင့်ခွင့်ရတဲ့ ကျွန်မသီချင်းက မြင်မြင်ချင်းပဲ ချစ်မိတယ်ဆိုတဲ့ ရှေးဟောင်းသီချင်းပါ။ ငယ်တုန်းဆိုတော့ ကိုယ့်ဝါသနာဟာ ကိုယ်နဲ့ ဖြစ်နိုင်ဧ။် မဖြစ်နိုင်ဧ။် ကျွန်မ မတွေးတတ်ပါဘူး။ဒီလိုပဲ လုပ်ချင်ရာလုပ်ခဲ့တာ..။ နောက်တော့ သီချင်းသွင်းဖို့ ပိုက်ဆံ မရှိတော့လို့..ရပ်သွားတယ်။

ကျွန်မအသက် ၁၇နှစ်မှာ ကလေးတွေကို guideလုပ်တာ သင်္ချာကျူရှင်ဝိုင်းသင်တာ လာငှားတဲ့ဟာ လိုက်သင်တယ်။ ပထမဆုံးတပည့်လေးက ဇော်မျိုးမြင့်တဲ့။ သူ့ကိုငါးတန်းမှာ guide လုပ်ခ တလ ၅၀၀ စရတယ်။ ကလေးတွေ စာသင်လို့ရတဲ့ ပိုက်ဆံနဲ့ ကိုယ့်ဘာသာ ကျောင်းစရိတ် ရသလောက် ရှာရတာ ပျော်တယ်။ ကလေးတွေကို စာသင်ရတဲ့ အတွက် ကလေးတွေ နည်းနည်းလောက်ဖြစ်ဖြစ် လေးစားအားကျတဲ့သူ ဖြစ်သင့်တယ်လို့ စိတ်ထဲ ဖြစ်လာတယ်။ အရင်ကထက်စာရင် ပိုလိမ္မာလာတယ်။ မိဘကိုလည်း ကူညီချင်စိတ်တွေ ပိုများလာတယ်။ မိသားစုကို ကလန်ကဆန်နဲ့ ဆန့်ကျင်ချင်စိတ်ဆိုတာတွေ လုံးဝပျောက်သွားခဲ့တယ်။ တက္ကသိုလ်စတက်တဲ့အခါမှာလည်း စာကို အလေးအနက်ထား ကြိုးစားဖြစ်ခဲ့တယ်။ ဒါကြောင့် ပထမနှစ်၊ ဒုတိယနှစ် နှစ်နှစ်ဆက်တိုက် ကျွန်မတက်ခဲ့တဲ့ မေဂျာမှာ ပထမဆုံး ပထမဆု ရခဲ့တယ်။ ကြိုးစားရဲ့သားနဲ့ ထာဝစဉ် ညံ့ခဲ့တဲ့ အင်္ဂလိပ်စာတောင် ပထမနှစ် ဂုဏ်ထူးတန်းမှာ D ထွက်ခဲ့ပါတယ်။ အတန်းထဲမှာ အသင်အပြကောင်းလှတဲ့ ဆရာဦးဦးလွင်ဆိုတဲ့ ဆရာ့ကျေးဇူးပါ။ အင်္ဂလိပ်စာ တော်ချင်တဲ့ စိတ်ဟာ သီချင်းဆိုချင်တဲ့ဝါသနာလို မဟုတ်ပဲ ဘယ်အရွယ် ဘယ်အနေအထားမှာမဆို လုပ်လို့ အဆင်ပြေတဲ့အတွက် ကျွန်မရဲ့ ထာဝရအိမ်မက်တစ်ခုပါ။ (ခုထိတော့ ငုပ်လိုက် ပေါ်လိုက် မအားလိုက် ပျင်းလိုက် ဖြစ်နေတုန်း)။ ပြောခဲ့သလိုပဲ ဝင်ငွေရတဲ့အပြင် ဆရာမလုပ်ခဲ့တဲ့ နောက်ဆက်တွဲ ကောင်းကျိုးတွေက ကျွန်မအတွက်တော့ အလွန်များပါတယ်။ ပထမဆုံးတပည့်လေး ကျွန်မဆီမှာ စာသင်ရအောင် ချိတ်ဆက်ပေးခဲ့တဲ့ သူငယ်ချင်း နန်ဒါကြီး ရဲ့ ကျေးဇူးပါပဲ။ သူ့ရဲ့ မိဘအပေါ် အလွန်သိတတ်မှုတွေဟာ မိဘကို ဂျစ်တိုက်ပြီး ဆိုးချင်တဲ့ ကျွန်မအတွက် အားကျ အတုယူပြီး ပြောင်းလဲသွားအောင် စေ့ဆော်နိုင်ခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်က အရေးအကြီးဆုံးဆိုပေမယ့် အရွယ်သုံးပါးစလုံးမှာ အပေါင်းအသင်းက အရေးကြီးတယ်လို့ ကျွန်မထင်ပါတယ်။ အနည်းဆုံး ပတ်ဝန်းကျင်ကို စူးစမ်းပြီး အတုယူတတ်တဲ့ ကျွန်မလို အကျင့်ရှိတဲ့သူတွေ သတိထားတာ မမှားဘူး ထင်တယ်။ ပထမဆုံးအလုပ်ပြုတ်တာကတော့ စစချင်း လခစားဝင်လုပ်တဲ့ computer ကုမ္ပဏီမှာ။ အင်း..ရှက်စရာကြီး လို့ မကြာခဏပြန်တွေးဖူးပါတယ်။ assignment တွေရေးတာ နှေးလွန်းလို့ဆိုပြီး အဖြုတ်ခံရတာပါ။ ပြုတ်ပြီး ၄လအကြာမှာပဲ အဲဒီကို အလုပ်ကို ပြန်ဝင်ခွင့်ရအောင် ကြိုးစားခဲ့ပါတယ်။ အဲဒီမှာပဲ ခြောက်နှစ်ကျော်ကြာအောင် လုပ်ခဲ့တယ်။

ပထမဆုံးနိုင်ငံခြားခရီးက US ကို ANA ဆိုတဲ့ ဂျပန်လေကြောင်းလိုင်းစီးပြီး ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်မှာ သွားခဲ့တယ်။ ကဗျာတွေကို သူ့ website မှာ ပထမဆုံးတင်ပေးတာက အလုပ်ထဲရောက်မှ စခင်တဲ့ သူငယ်ချင်းပါ။ ခိုနားရာဆိုတဲ့ သူငယ်ချင်းရဲ့ site မှာ ကဗျာတွေ အများကြီးရေးခဲ့တယ်။ site ရဲ့ ဆောင်ပုဒ်က စာကဗျာချစ်သူတို့ ခိုနားရာ တဲ့။ ဒီ အလင်းညီနာမည်နဲ့ပါပဲ။ ၂၀၀၁မှာထင်တယ်။ အရက်စသောက်ဖူးတာလဲ US မှာပဲ။ ဘာအရက်လဲတော့ မမှတ်မိတော့ဘူး။ မူးရင် ရစ်တယ်လို့ သူငယ်ချင်းတွေက ပြောတာပဲ။ နောက်တော့ အရက်သောက်ရင် တအားရီရတာ ပျော်လို့ သူငယ်ချင်းတွေ စုမိတိုင်း သောက်ဖို့ဆွယ်ရင် တခွက်တဖလားပဲ ဖြစ်ဖြစ် စိတ်ပါရင် ထိုးအန်ပြီး အိပ်ပျော်သွားတဲ့အထိ မဟားဒရားပဲဖြစ်ဖြစ် မော့တတ်လာတယ်။ ခုတော့ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် အရက်မသောက်တော့ဘူး။ မသောက်ချင်တော့လို့ ဘယ်လောက်ပဲ အခြေအနေပေးပေး ငြင်းဖို့ အားလဲမနာ စိတ်လဲမာတယ်။ ငါးပါးသီလကို ချိုးဖောက်တာ ဘာမှ မလုပ်ချင်တော့ဘူး။ အသက်လဲကြီးလှပြီမို့ အကုသိုလ်နည်းအောင် အတတ်နိုင်ဆုံးနေပါတယ်။

တရားစခန်းစဝင်တဲ့ ရွှေမင်းဝံကျောင်းမှာ..ပထမဆုံးဆယ်ရက်ကျော်နေခဲ့ပါတယ်။ နောက်တနှစ်ကြာတော့ အဲဒီကျောင်းမှာပဲ ပထမဆုံးမယ်သီလရှင်အဖြစ် ၂ပတ် ထပ်ဝတ်ခဲ့တယ်။ လခစား အလုပ်မဝင်ခင် လုပ်ခဲ့တာပါ။ ရည်းစားထားဖို့တော့ ခုထိ စိတ်ကူးမရသေးဘူး။ နှစ်တန်းမှာ ဘာလို့ သူ့ရှေ့သွားတွေကြီးနေတာလဲ ဆိုပြီး အကို့သူငယ်ချင်းကို တွေ့ရင် လိုက်ငေးနေမိတယ်။ အကိုက ကျွန်မထက်နှစ်နှစ်ကြီးတော့ အဲဒီကောင်လေးက လေးတန်းပေါ့။ အတော်စောတဲ့ အရွယ်မှာ သွားကြီးတာကို စပ်စပ်စုစုတွေးပြီး လိုက်ငေးခဲ့ဖူးတာ မှတ်မိနေသေးတယ်။

အမ်...အားရပါးရလျှောက်ရေးတာ..အတော်တော့ ရှည်နေပြီ။ ကလေးဘဝ နည်းနည်းဆိုးသွမ်းရာကနေ သူငယ်ချင်းကောင်းတွေကြောင့် ကံကြောင့် အကောင်းဘက်ကို တဖြည်းဖြည်းပြောင်းလဲလာတာတဲ့ ကျွန်မရဲ့ ပထမဆုံးတွေကို..ရေးအပြီးမှာ ထပ် တက်ချင်ပေမယ့် ဘယ်သူတက်ရမှန်း မသိလို့ မတက်တော့ပါဘူး..။

9 comments:

Andy Myint said...

မှတ်မှတ်ရရ Valentines Day မှာ သွားတာကိုး။ ကျွန်တော်ပြန်လာတာ ပြည်ထောင်စုနေ့မှာ။ အဲဒီနှစ်တော့ မဟုတ်ဘူး။ ကျွန်တော်လည်း Study Guide လုပ်ဖူးသေးတယ်။ တကယ်ဆို ဆက်ရေးလို့ ရသေးတယ်နော်။ ရေးစရာတွေက အများကြီးရယ်။ ကျေးဇူး အစ်မ။

MrDBA said...

မဟုတ်မှ လွဲရော့ MySoft ကဘဲဖြစ်ရမယ်။ :D

Anonymous said...

ရိုးသားဖြူစင်တဲ့ ရေးဟန်ကို သဘောကျမိတယ်။

ကြံသကာဖိုးက ဒီအတွက် ရည်ရွယ်ပြီး တစ်နေရာရာမှာ လှူလိုက်လဲ ရမယ်လို့ ထင်ပါတယ်။ ပိုင်ရှင်ကို ပြန်တွေ့ဖို့က လောလောဆယ် အနေအထားအရ လွယ်မှ မလွယ်တာ။ ဒါကို ခေါင်းထဲမှာ ဆက်စွဲနေမယ်ဆိုရင် ဘာမဟုတ်တာလေးနဲ့ ဥက္ကစ္စ အကုသိုလ် (ပြုပြီး မကောင်းမှုကို အဖန်တလဲလဲ သတိရပူပန်နေခြင်း) ဖြစ်နေနိုင်ပါတယ်။ ကုသိုလ်ကောင်းမှုတွေ အကြီးအကျယ် ပြုခဲ့တဲ့ သူတော်ကောင်းတွေ ဘာမဟုတ်တဲ့ အသေးအဖွဲ အပြစ်လေးကိုမှ သေခါနီးထိ စိတ်စွဲနေမိလို့ မကောင်းတဲ့ ဘုံဘ၀ကို ခဏတဖြုတ်ရောက်၊ ပြီးမှ နတ်ပြည်ရောက်ရတဲ့ ပုံပြင်တွေ ဖတ်ဖူးလို့ပါ။
ငါးပါးသီလကို မြဲအောင်ထိန်းတာ သာဓုခေါ်မိတယ်။ ကောင်းတာတွေပဲ လုပ်တတ်တဲ့ သူတွေဟာ အပြစ်လေး တခုတလေ ရှိခဲ့ရင် အကောင်းကြိုက်သူတွေ၊ သန့်စင်ချင်သူတွေပီပီ စိတ်မကောင်း ဖြစ်မဆုံး တနုံ့နုံ့ ဖြစ်တတ်ပါတယ်။ ဒီစိတ်ကို ဖျောက်လိုက်တာ ပိုကောင်းမယ်လို့ အကြံပြုပါရစေ။

(အ၀ါအကြွားမပါ ရိုးသားပွင့်လင်းစွာ ရေးထားတဲ့ စာကို ဖတ်ပြီး စိတ်ချမ်းသာရလို့ ကြံသကာဖိုး အမှတ်နဲ့ ယူသွားပါတယ်။ ပိုင်ရှင် မဟုတ်ပေမယ့် သံသရာမှာ ဆွေမျိုးတော်ဖူးသူချည်းပဲမို့ ပိုင်ရှင်ရဲ့ ဆွေမျိုးတယောက်က ကိုယ်စားလက်ခံသွားပြီနော်။)

Anonymous said...

အစ်မရေ...

နာမည်မေ့နေတော့လည်းပြောပြရတာပေါ့။ ဒါပေမဲ့လည်း စိတ်ဆိုးတယ်နော်။
website နာမည်က ခိုနားရာ (ဆောင်ပုဒ်က စာကဗျာချစ်သူတို့ ခိုနားရာ...) တဲ့။ အခုချိန် ဒါတွေပြန်လုပ်ချင်ပေမဲ့ အချိန်ကမရတော့ခက်တယ်...
များများရေးပါဦးနော်။ အရင်က အမရေးခဲ့တဲ့ ကဗျာတွေကို အခုချိန်ထိ ကြိုက်တုန်းပဲ။
မီးတို့ကတော့ အမရဲ့ ထာဝရပရိပ်သတ်ပဲ.... :D

PL

Anonymous said...

ဖတ်လို့ ကောင်းပါတယ်
ကလေးတွေကို မိဘတွေနဲ့ သာ
အတူတူ ကြီးပြင်းစေသင့်ပါတယ်
မုဒိတာ အဲဒါကို ခံစားဖူးတော့ မကြိုက်ဘူး
မိဘ မေတ္တာလောက် တခြားတစ်ယောက်
မေတ္တာက မအေးချမ်းပါဘူး။

nu-san said...

အားပါး.. တို့အမကမှ ရေးလိုက်တာ ရှယ်ပဲ.. ဆက်ဖတ်ချင်နေတုန်းကို ဘယ်နဲ့ကြောင့် ကောင်းခန်းမှာ ရပ်သွားရတာလဲ အမရ.. :) အမသီချင်းဆိုတာ မြင်ဖူးချင်လိုက်တာ.. :D

A Linn Nyi said...

သြော်...အန်ဒီက ပြည်ထောင်စုနေ့ကိုး..။ ဘာဆက်ရေးရမှန်း မသိတော့ဘူးနုနု..။ PL ရေ..အမ ပို့စ်ပြင်လိုက်ပြီ website name နဲ့..ချိတ်မချိုးနဲ့ ညီမငေး။ ကွန့်မန့်ချန်ခဲ့တဲ့ အတွက် ...အားလုံးကို ကျေးဇူး :)

MonMon said...

ဟ ဟ .... မြန်မာ့အသံမှာလာတာ ကြည့်ဘူးတယ်နော်။ အလုပ်ဝင်ပြီးတော့မှ တခါထပ်လာလို့လေ။ မဟုတ်ရင်တော့ သိမှာမဟုတ်ပါဘူး။ ပြောပြဘူးတယ် ။ မှတ်မိလား။ :D

A Linn Nyi said...

စာဖတ်သူရှင့်...စေတနာထားပြီး ရှင်းပြသွားတာ အရမ်းကျေးဇူးတင်ပါတယ်။ အဲလိုလဲ ရည်ရွယ်ပြီးလှူလိုက်ပါမယ်။ ရန်ကုန်ပြန်ဖြစ်ရင်..ဆိုင်က ဈေးထဲကဆိုတော့ ရှိဦးမယ်လို့ ထင်ပါတယ်။ ရှိသေးရင်တော့ တကယ်ကို သွားပေးလိုက်ရတာ ပိုစိတ်ရှင်းသွားတာပေါ့။ နုနုရေ...သီချင်းဆိုဖို့ မိတ်ကပ်တွေ လိမ်းထားရင် အခြောက်နဲ့တူလို့..မကြည့်တာပိုကောင်းလိမ့်မယ် :D

Post a Comment