Monday, September 01, 2008

Nickname

ဘ၀တလျှောက် အရင်းနှီးဆုံးပေါင်းခဲ့သမျှ သူငယ်ချင်းတွေနဲ့ အလုပ်ထဲမှာ ဆုံခဲ့ဖူးတဲ့ တချို့လူတွေဟာ ဟာသဥာဏ်ရှိတော့ နာမည်ပြောင်လေးတွေ ဖြစ်လာတာ တနည်းတော့ ပျော်ရွှင်စရာ ကောင်းပါတယ်။ ဆယ်တန်းတုန်းက ပေါင်းတဲ့ သူငယ်ချင်းတွေရဲ့ နာမည်ပြောင်တွေက နန်ဒါကြီး(နာမည်ရင်းက ပါဠိ နာမည်ပါ)၊ ပိစိ၊ ရွှေရိုး(ပိန်လွန်းလို့)၊ အရှည်ကြီး၊ ပူစီ(နာမည်ရင်းက ကြောင်ခေါ်တဲ့ အသံထွက်နဲ့ဆင်လို့ပါ)၊ ဘန်ဘန်(ဒါက ဆေးကျောင်းရောက်သွားတဲ့ သူငယ်ချင်းတွေ လက်တွေ့ခန်းမှာ ဘာဆိုလားမသိဘူး လုပ်ရတဲ့အခါ English Term တစ်ခုက အဲဒီ သူငယ်ချင်းရဲ့ အကျင့်နဲ့တူလို့)၊ မော်ကြီး(မိန်းကလေးပါ။ သူ့ရဲ့နောက်ဆုံး နာမည်က မော်ပါလို့)၊ ငပြူး(သူ့မျက်စိက အကြီးကြီးမို့လို့..တကယ်ကမျက်လုံးလှတာပါ။ ဟီဟိ အဲဒါကို အဲလိုတမင် ရုပ်ဆိုးတဲ့ နာမည်ပြောင်ခေါ်ရတာ ပျော်စရာ ..သူက အဲလိုခေါ်လို့ လုံးဝစိတ်မဆိုးတဲ့သူလဲ ဖြစ်လို့ပါ)။

ရှားရှားပါးပါး အလွန်ဆော့တဲ့ တစ်ယောက်ရယ်(ဘယ်လောက်ဆော့သလဲဆို ရွှေတိဂုံဘုရားတက်တဲ့အခါ မိုးရွာပြီးတဲ့ အချိန်ဆို ရေအိုင်လေးတွေ ကျန်တာတွေ့တဲ့အခါ အဲဒီ ရေအိုင်လေးတွေ တွေ့တိုင်း တမင် ရေစင်အောင် အားနဲ့ ခြေချနင်းပြီး ဆော့သူပါ၊ ကျွန်မက သူ့နားကလျှောက်မိတော့ ရေစင်ပြီး ထမီရေစိုရင် ပျော်ပါတယ်။ သူ့အားကျပြီး ကျွန်မလဲ ရေအိုင်တွေ့ရင် အဲလိုပဲ လိုက်လုပ်တော့တာပဲ။ အဲတော့ နှစ်ယောက်လုံး ထမီ၊ စကတ် အောက်နားတွေ ရေစိုတော့ ကျေရော:) အေးဆေးတဲ့ တစ်ယောက်နဲ့ ချောချောလေးတစ်ယောက်ကိုတော့ နာမည်ပဲ ခေါ်ဖြစ်ခဲ့ကြတယ်။

ကျွန်မတို့ အုပ်စုထဲမှာ ယောက်ကျားလေးတစ်ယောက်မှ မပါပါဘူး။ ဒါပေမယ့် ကဗျာတို့ သီချင်းတို့ ၀ါသနာပါရာကနေ တတွဲတွဲ ဖြစ်ခဲ့ဖူးတဲ့ သူငယ်ချင်း ယောက်ကျားလေးနှစ်ယောက်ကိုတော့ တစ်ယောက်ကို small ၊ နောက်တစ်ယောက်ကိုတော့ ဓာတ်တိုင်(သူ့နာမည် က ကျယ်တိုက်-ကြိုက်တယ်လိုမျိုး နာမည်ရင်းကို ပြောင်းပြန်လှန်လိုက်ရင် ဓာတ်တိုင်နဲ့ သဘာဝနဲ့ တူနေလို့ပါ) သူ့ကို ကြည့်မရတဲ့အခါ ပုပြဲပြားတဲ့ အဲဒီအချိန်က အနည်းငယ် ၀ပြီးပုပြီးပြားတဲ့ ခန္ဓာနဲ့ တိုက်ရိုက်လိုက်အောင် ကွယ်ရာမှာ ခေါ်ပါတယ်။ နာမည်ပြောင် တော်တော်များများကတော့ နန်ဒါကြီးဆီက လာပါတယ်။ သူက အသေးအဖွဲက အစ အားလုံးကို ခုချိန်ထိ မှတ်မိတတ်တဲ့ သူငယ်ချင်းပါ။

မိန်းကလေးချင်းပဲ ဖြစ်ဖြစ် ယောက်ကျားလေးပဲဖြစ်ဖြစ် ဟေ့ကောင်လို့ ခေါ်တတ်တာ ကျွန်မတို့ အုပ်စုအကျင့်ပါပဲ။ အဲဒီ အကျင့်က ခုထိမပျောက်ပါဘူး။ နည်းနည်းရင်းနှီးလာပြီဆို ခုနောက်ပိုင်း ခင်တဲ့သူတွေကိုပါမကျန် ဟေ့ကောင်လို့ ခေါ်ပြီး ပြောတတ်တုန်းပါ။ အဲဒီ အတွက် အသစ်ခင်တဲ့ ခလေးတွေနဲ့ သူတို့ချစ်သူတွေကပါ ကျွန်မကို စိတ်မဆိုးတဲ့အပြင် ခေါ်လို့ကောင်းတယ်ဆိုပြီး သူတို့ အချင်းချင်းလဲ အဲလို ဟေ့ကောင်ဟေ့ကောင်လို့ ခေါ်ကြပါတယ်တဲ့။ ရေးတော့သာ ဟေ့ကောင်ပေမယ့် အပြင်မှာ ခေါ်တဲ့ အသံထွက်က ဟေ့ရောင်ဖြစ်လိုက် ဟေ့ကောင်ဖြစ်လိုက်ပါ။

အလုပ်ထဲရောက်တော့ နာမည်ပေးအရမ်းတော်တဲ့ အလုပ်ထဲက သူငယ်ချင်းတစ်ယောက်(စာသင်ပေးဖူးတဲ့ ဆရာလဲဖြစ်ပါတယ်)ဆီက နာမည်ပြောင်တွေ အများကြီး ကြားရပါတယ်။ အလုပ်ထဲမှာ လမ်းလျှောက်ရုံတင်မဟုတ်ပဲ ပြေးတတ်တဲ့ ကျွန်မကို သိမ်မွေ့မွေ့ဦးလို့ နာမည်ပေးလိုက်ပါတယ်။ ဦးကတော့ ကျွန်မရဲ့ တကယ့် last name မို့လို့ ထည့်လိုက်တာနဲ့ တူပါရဲ့။ အဲဒီနာမည်ကို စချင်တဲ့သူအားလုံးက လိုက်ခေါ်ကြတယ်ဗျား (:D)

တခြား အလုပ်ထဲမှာ ဆုံတဲ့ နိုင်ငံခြားသားတွေကိုလဲ အောင်ထွန်းလေး(တရုပ်မချစ်စရာ ပုပုသေးသေးမျက်နှာပြည့်ပြည့်နဲ့ ကလေးသရုပ်ဆောင် အောင်ထွန်းလေးနဲ့တူလို့)၊ တရုပ်မဆံပင်ကောက်ကောက်ကို ကေဂျာနူးတဲ့(တကယ်လဲ အဲဒီတရုပ်မ ရုပ်က ကေဂျာနူးနဲ့ ဆင်တယ်)။ နောက် team ထဲက ကုလားမတစ်ယောက်ကိုတော့ ရေငုပ်သဘောင်္တဲ့(ဘာလို့ခေါ်လဲတော့ မမှတ်မိပါဘူး)။ ကျွန်မတို့ထက် အသက်အနည်းငယ်ကြီးတဲ့ မမနှစ်ယောက်က နဲနဲလေးဝတာကိုတော့ G1၊G2 လို့ခေါ်တာမှတ်မိပါတယ်။ နောက် အင်္ဂလိပ်နာမည်က ရုတ်တရက်ကြည့်လိုက်ရင် မြန်မာအသံထွက်နဲ့ဆို ဂျီးဖတ်နဲ့ တူလို့ အသားဖြူဖြူ ယောက်ကျားလေးတစ်ယောက်ကလဲ ဦးဂျီးဖတ်ဖြစ်သွားပါတယ်။ အသားညိုညို အိုက်တင်ကောင်းကောင်းတစ်ယောက်က ကျော်ဟိန်းဖြစ်သွားပြီး ပါးချိုင့်လေးနဲ့ ချစ်စရာအလွန်ကောင်းတဲ့ တရုပ်မလေးက ရတနာခင်ဖြစ်သွားပါတယ်။ နောက်တခြား နာမည်ပြောင်အခေါ်ခံရတဲ့ သူတွေ ရှိဦးမယ်ထင်တာပဲ။ ကျွန်မ မမှတ်မိတော့ ထည့်မရေးတော့တာပါ။ ဘာပဲဖြစ်ဖြစ် အဲလိုနာမည်ပြောင်တွေက ရီစရာကောင်းတာတော့ အမှန်ပါပဲ (အခေါ်ခံရတဲ့ ကာယကံရှင်က အသည်းအသန် စိတ်မဆိုးပဲ ဟာသလို့ သဘောထားတဲ့အခါ ပျော်စရာလဲ တကယ်ကောင်းပါတယ်)။

အလုပ်ထဲရောက်ပြီးမှ အရမ်းခင်သွားတဲ့၊ နှစ်ပေါက်အောင် တူတူနေကြတဲ့ ကျွန်မတို့ သူငယ်ချင်းတွေကျတော့ ပိန်တာရိုး(ပိန်ညောင်၊ ငပိန် စသဖြင့်လဲ ခေါ်ကြပါတယ်)၊ င၀ါ(ဘုတ်ဆုံမ၊ ဘုတ်ဘုတ်၊ငဘုတ် စသဖြင့် သူ့ကို ခေါ်ကြပါတယ်၊ ဘုတ်အီးမလို့ ခေါ်ရင်တော့ သူစိတ်ဆိုးလို့ မခေါ်ပါဘူး :D)၊ သူတို့နှစ်ယောက်ကလဲ ကျွန်မကို မှန်ဂျောင်၊ ငမှန် လို့ခေါ်ကြပါတယ်။ အဲလိုခေါ်တဲ့အတွက် ကျွန်မတို့ အချင်းချင်း စိတ်မဆိုးတဲ့အပြင် မခေါ်တဲ့အခါကျမှသာ စိတ်ထဲ စိမ်းလိုက်တာ ဆိုပြီးဖြစ်ပါတယ်။ ကျွန်မ mobile မှာ နာမည်ရင်းနဲ့ သူ့ဖုန်းနံပါတ်ကို save ထားမိတာ င၀ါမြင်တော့ အဲလို save ရမလားဆိုပြီး သူ ကျွန်မ name ကို ဘယ်လို save ထားတယ်ဆိုပြီး ပြပါတယ်။ ဒါနဲ့ bote လို့ ပြောင်း save ထားလိုက်တော့ OK သွားတယ်။ :) အရင်က အရမ်းပိန်တဲ့ သူငယ်ချင်းတစ်ယောက်ကို ငပိန်နဲ့မတူအောင် ဆိုပြီး ငဖောင်ရိုးလို့ ပေးထားတာ ခုတော့ ဒင်းက ၀လာတာ မဟားဒရားမို့ ငဖောင်ရိုးဖက်တီးလို့ ကြံကြံဖန်ဖန် နာမည်ပေးလိုက်ပါတယ်။ ငမွန်လို့လဲ ခေါ်ကြတယ်။ နောက်တစ်ယောက်ကတော့ ပူစီကနေ ငနီ ဖြစ်လာတဲ့ ဆယ်တန်းထဲက သူငယ်ချင်းပါ။ ကျွန်မတို့ အုပ်စုကို င အုပ်စုလို့ ပြောလို့ရမယ်ထင်ရဲ့။

ရန်ကုန်မှာ အိမ်ထောင်ကျပြီး ကျန်ရစ်ခဲ့တဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ကိုတော့ဇာပျံလေး၊ ငဇာ လို့ စိတ်ပေါက်တဲ့ အခါခေါ်တယ်။ သူ့နာမည်ရင်းမှာ ဇာပါလို့။ နာမည်ပြောင်ခေါ်တာ မကြိုက်တဲ့သူငယ်ချင်းတွေကိုတော့ နားလည်စွာနဲ့ မခေါ်ပါဘူး။ ပြီးတော့ ခေါ်တဲ့နာမည်ပြောင်က သူများအားနည်းချက်တို့ မကောင်းတာတို့ကို နှိမ်ပြီး ခေါ်တာမဟုတ်ရင်တော့ ရင်းနှီးတာ မြန်ပြီး အတိတ်အကြောင်း သူငယ်ချင်းတွေဆုံလို့ ပြန်ပြန်ပြောကြတဲ့အခါ topic တစ်ခုအနေနဲ့ ပါပါလာတတ်တာ အမှန်ပါပဲ။ သူငယ်ချင်းတို့ စိတ်မဆိုးလောက်ကြဘူးလို့ မျှော်လင့်ပါတယ်။

5 comments:

nu-san said...

စိတ်ဆိုးတယ် အမ.. အမအခင်ဆုံးသူငယ်ချင်းတွေထဲမှာ သူများလည်း ပါဘူး.. :(

အလကားစတာပါ အမရေ.. သူငယ်ချင်းတွေက အခုဆိုရင် တစ်ယောက်တနေရာစီဖြစ်နေကြပြီနော်.. တကယ်တမ်းပြန်တွေးကြည့်လိုက်ရင် အရင် ရန်ကုန်မှာ အလုပ်လုပ်ခဲ့တုန်းက အချိန်တွေကို တကယ်လွမ်းတယ် အမရေ.. :)

A Linn Nyi said...

အဲလို မဟုတ်ပါဘူး။ နုနုတို့ နန်းတို့က ငထည့်ခေါ်လို့ မကောင်းတဲ့နာမည်မို့လို့ :-)

MonMon said...

အနော် ငဖောင်ရိုး ဖတ်တီးလေး လာချောင်းမြောင်းသွားပါတယ် မမဂျီး

ThuHninSee said...

"အရမ်းပိန်တဲ့ သူငယ်ချင်းတစ်ယောက်ကို ငပိန်နဲ့မတူအောင် ဆိုပြီး ငဖောင်ရိုးလို့ ပေးထားတာ ခုတော့ ဒင်းက ၀လာတာ မဟားဒရားမို့ ငဖောင်ရိုးဖက်တီးလို့ ကြံကြံဖန်ဖန် နာမည်ပေးလိုက်ပါတယ်။ ငမွန်လို့လဲ ခေါ်ကြတယ်။" အဲဒါကို ဖတ်လိုက်ရတော့ ဒဲ့တိုက်ဆိုင်နေလို့ လန့်သွားတယ်။ အပေါ်က မွန်မွန်ဆိုတာ တွေ့မှ စိတ်အေးသွားတယ်။ :P
အဟဲ.ကိုယ့်ဟာကိုယ်စိတ်မလုံတာပါ။

Anonymous said...

ဟာ မွန်ကော ငဖောင်ရိုးဖက်တီးပုံလေးလား။ ဒါဆိုရင်...မြင်ဖူးချင်လိုက်တာ။ အမ သူငယ်ချင်းငမွန်ကတော့ ခုနည်းနည်းပြန်ပိန်သွားပြီ :-)

Post a Comment