Friday, October 31, 2008

အသံဆူတဲ့ည

အဲဒီညက
ခါးလိုက်တဲ့ အရည်တွေ
ငါ့နားရွက်ကနေ
အလိုမတူဘဲ..အတင်းမျိုချခဲ့ရ။
ပြီးတော့...
တစစနဲ့ ပျံ့နှံ့ နေရာယူလိုက်ပုံများ
နောက်ဆုံး ဦးနှောက်တခုလုံး
သုံးမရတော့တဲ့အထိ။
မူးယစ်တဲ့...အသိ
နောက်ကျိခဲ့...အာရုံ
ထုံသွားတဲ့...စိတ်ဟာ
နှိပ်စက်ခံလိုက်ရတာများ
အိပ်ပစ်လိုက်ရတဲ့အထိ။

ဒီဇင်ဘာ ၅ရက် ၂၀၀၁ခုနှစ်။
မနက် ၁၂နာရီ ၃မိနစ်။


August ကနေ October ထိ သုံးလလုံးလုံး အိယောင်ဝါးပြီး အပျင်းထူ အနားယူလို့ စိတ်ကူးတည့်ရာ လျှောက်လုပ်နေခဲ့ရာက ခုတော့ လုပ်စရာတွေက တန်းစီလို့နေပါပြီ။ ဘလော့ခ်တွေလျှောက်လည်ခြင်း၊ ဖတ်ခြင်း နဲ့ ရေးခြင်း ခဏရပ်ပါဦးမယ်လို့ လက်ငါးချောင်းမပြည့်တဲ့ကျွန်မဘလော့ခ် စာဖတ်သူတွေရယ်၊ မျက်စိလည်လမ်းမှားပြီ တခါတလေ အလည်လာတဲ့သူတွေရယ်ကို လေးစားစွာပန်ကြားခဲ့ပါတယ်။ နောက် အချိန်ပိုတွေ ပြန်ထွက်လာတဲ့ အခါ ပြန်ဘလော့ခ်မယ်နော်။ ၂၀၀၁ တုန်းက ရေးခဲ့တဲ့အသံဆူတဲ့ည ဆိုတဲ့ ကဗျာလေးနဲ့ တာ့တာ လုပ်ခဲ့ပါတယ်။



Thursday, October 30, 2008

လိပ်ပြာ

ကြည့်လေရာ...မျက်စိတဆုံး
နှင်းအတိဖုံးတဲ့...ဒီလွင်ပြင်ကြီးထဲ
ခြေလျင်သွားတဲ့သူတချို့
စွပ်ဖားလှည်းနဲ့က တချို့
သွားနေခဲ့ကြ။
ခြေလျင်သမားရဲ့နောက်မှာ
ခြေရာ..
စွပ်ဖားလှည်းရဲ့နောက်မှာ
လှည်းရာ..
ဘယ်မှာ...ဖျောက်လို့ ရနိုင်မလဲ။
အချိန်နဲ့အမျှ
အကြိမ်ကြိမ်ကျတဲ့...နှင်းအောက်မှာ
ပျောက်ဆုံးခဲ့...အရာရာ
လိပ်ပြာ...ဒါပါပဲ။
တချိန်က...ဒီနှင်းအောက်မှာ
ဘာရှိခဲ့တယ်ဆိုတာ...။

အောက်တိုဘာလ ၁၅ရက်၊ ၂၀၀၁ခုနှစ်။
မနက် ၉နာရီ ၂၄မိနစ်။


ဝန်ခံချက်။ ။ ဆရာ တာရာမင်းဝေဧ။် ဝတ္ထုခေါင်းစဉ်အား ခံစားရေးဖွဲ့ပါသည်။


Wednesday, October 29, 2008

နားမကောင်းသူများ

လိမ်ကောက်နေတဲ့ သစ်ပင်ခြောက်တွေလေ
ပင်ခြေတွေမှာ...ရွက်ကြွေတွေဝေလို့
နေရောင်အလင်းက
လူမမာတစ်ယောက်လို ဖျော့တော့
ညဉ်းညူနေတဲ့...လေညှင်းသံမှာ
နာကျင်ခြင်းတွေ...
ခါးသီးမှုတွေ...
မျှော်လင့်ချက်တွေနဲ့
ပိတ်ထားတဲ့...တံခါးတွေကို
နောက်ဆုံးထွက်သက်တိုင်..
ခေါက်နေကြတာများ
ကြားတတ်မယ်ဆိုရင်...။

ဒီဇင်ဘာ ၁၈ရက် ၂၀၀၁ခုနှစ်။
နေ့လည် ၁နာရီ ၄၃မိနစ်။


မနေ့က ကျွန်မရဲ့ကဗျာတွေကို သူ့ရဲ့website မှာ ပထမဆုံး တင်ပေးခဲ့တဲ့ သူငယ်ချင်းလေးဆီက သူ ခုထိသိမ်းထားတဲ့ အဲဒီကဗျာတွေ ကျွန်မ မတောင်းခဲ့ပေမယ့် Email နဲ့ zip လုပ်ပြီး ပို့လိုက်တယ်။ ကျွန်မမှာ အဲဒီ ကဗျာတွေ copy သိမ်းထားတာတောင် မရှိတော့ပါဘူး။ ရန်ကုန်က computer harddisk ကြွသွားတာနဲ့ မရှိတော့တာ။ ကဗျာနောက်ခံ ဒီဇိုင်းလေးတွေကို သူ့စိတ်ကူးနဲ့ သူ အမြဲ လှအောင်ဆင်ပေးတဲ့ သူမကို ခုထိ ကျေးဇူးတင်နေဆဲပါ။ ဒါနဲ့ပဲ ဝမ်းသာအားရ တစ်ပုဒ်တင်လိုက်တယ်။




Monday, October 27, 2008

လုပ်လိုက်ရင် ဒီအတိုင်းချည်းပဲ...

မနက်...။
ဒီကောင်မလေးလုပ်ပြန်ပြီ...။
ရုံးသွားဖို့ အချိန်ဒီလောက်ကပ်နေတာ ခုထိဆင်းမလာ။ စိတ်တိုတို နဲ့ ဟွန်းနှစ်ချက်လောက် ဆောင့်တီးပစ်လိုက်သည်။ မနက် ရုံးနောက်ကျရင် ပိုက်ဆံအဖြတ်ခံရမယ်ဆိုတာ သိလည်း မနက်တိုင်း ကားပေါ်ရောက်တာနဲ့ သံဗုဒ္ဓေ ရွတ်ပြီး ဒုက္ခပဲ ဒီလ နောက်ကျတာ နှစ်ခါရှိပြီ မှီပါ့မလား ဟု ပွစိပွစိ တယောက်တည်း ဆီမန်းမန်းတတ်တော့ မနေနိုင်တဲ့ ကိုယ်ကပဲ ပြိုင်ကားမောင်းသလို သေလုမျောပါး မောင်းပို့ရတာ ကြာတော့ စိတ်တိုလာသည်။ အမှတ်မရှိတဲ့ မိန်းကလေးပဲ လို့ ပစ်ပစ်နှစ်နှစ် တွေးလိုက်သည်။ တကယ်ဆို ညဘက် စောစောအိပ်ပါလား ။ တိုးတက်ရာတိုးတက်ကြောင်း စာကျတော့ မလုပ်ချင်..။ အရည်မရ အဖတ်မရ ကဗျာရေးလိုက် ၊ game ဆော့လိုက်၊ စာဖတ်လိုက်နဲ့ တော်တော်နဲ့ အိပ်ပုံမရ။ ဒင်းလုပ်တာနဲ့ ငါ accidentတို့ မော်တော်ပီကယ်တို့ နဲ့ ဘယ်တော့ ညားမလဲ ဟု တွေးတုန်း ဆင်းလာတာ မြင်သည်။

ဝတ်လာပြန်ပြီ...။
ဒီလို ဝမ်းဆက်ရိုးရိုးတွေချည်း ဝတ်လို့ ရုပ်ကိုက အဘွားကြီး ရုပ်ထွက်နေတာ။ ဝါးလုံးကို ပိတ်ဆင်တူပတ်ထားတဲ့ ပုံတုံးကြီး...မျက်မှန်ကပါသေး..စိတ်ပျက်စရာ။ ချွေတာတာကောင်းသော်လည်း အဝတ်အစား၊ ပိုက်ဆံအိတ်၊ ဖိနပ် ဘာမျှ style မရှိအောင် ကပ်စေးနှဲတာကျ သောက်မြင်ကပ်လှသည်။ discount ချတာတွေချည်း ဝယ်နေတာနေမှာပေါ့..။ ကြည့်ရင်းနဲ့ ဒါ ငါသီတင်းကျွတ်တုန်းက မေမေဖို့ ဆိုပြီး ဝယ်လာတဲ့ တရုပ်ဆင်ကို သူမကြိုက်တယ်ဆိုတာနဲ့ မေမေ့ ကို တခြားအဆင် ပြောင်းဝယ်ပေးပြီး သူမဖို့ အကျီ င်္စပါ ထပ်ဖြတ်ပြီး ဝယ်ပေးထားသော အဆင်ယဉ်ယဉ် တရုတ်စ ဆိုတာမှတ်မိသွားတော့ ဒေါသနဲနဲ ကျသွားသည်။

ကားပေါ်တက်လာပြီး မြန်မြန်ဝဝရ..နောက်ကျနေပြီ ဟု ပြောတော့ ဘုကြည့်ကြည့်လိုက်တော့ ရပ်သွားသည်။ ခဏနေတော့ ပါးစပ်က ငြိမ်ငြိမ်မနေ။ တတ်တာလည်း မဟုတ်ပဲနဲ့ ဟိုကားကြည့် ဟာ ဟိုမှာ လူ ..ဟယ် တိုက်တော့မှာပဲ ..စသဖြင့် အသံပေါင်းစုံ နဲ့ ထုံးစံအတိုင်း ဆရာလုပ်လာပြန်သည်။ စဉ်းစား ဆင်ခြင်ညဏ်ကို မရှိ ..ကားကို အေးအေးဆေးဆေးမောင်းလို့ရအောင် စောစောဆင်းဖို့ မကြိုးစားပဲ ခုမှ စိုးရိမ်သယောင် ဆရာလာလုပ်နေပါလား ဟု တွေးရင်း တခါတလေကို သူ့ကို သေချာတွက်ချက်ပြီး ဝင်ငွေထွက်ငွေ ချင့်ချိန်ဖို့ ပြောတတ်တာ သတိရတော့ အတွေး ရပ်သွားသည်။

ဘာဟင်းလဲ မေးတော့....”ပဲနီလေးဟင်းချို နဲ့ သက်သက်လွတ်ချဉ်ပေါင်ကြော်” ဆိုတော့ စိတ်တော်တော်ပျက်သွားသည်။ နေ့ခင်းကျ ငါ သူနဲ့ ထမင်းတူတူ မစားရအောင် ဘယ်လိုရှောင်ရပါ့ ဟု အကြံထုတ်ရသည်။ အားအားရှိ သက်သက်လွတ်ပဲ စားနေတာ စိတ်ပျက်စရာ ကောင်းလှသည်။ ဟင်းဆို မြိုင်မြိုင်ဆိုင်ဆိုင် ဆီပြန်ဟင်းတခွက်၊ အရည်သောက် တခွက်၊ ဟင်းရွက်ကြော်တခွက်ပါမှ စားတတ်သော သူ့အတွက် သူမရဲ့ ဖြစ်သလို သက်သက်လွတ်နေသော ဟင်းများက စိတ်ပျက်စရာဖြစ်တာ မဆန်းပါ။ သူမ သက်သက်လွတ်မစားတဲ့အခါ ကိုယ်ကြိုက်တတ်သော ငါးဘတ်မွှေတို့၊ ငါးခူစင်းကောတို့၊ ဝက်သားလုံးကြော်တို့၊ ကြက်ဟင်းခါးသီးကြော်တို့ စိတ်ရှည်လက်ရှည် ချက်ကျွေးတတ်သေးတာ သတိရလိုက်တော့..သူမနှင့် မနက်ထမင်းတူတူစားပြီး နောက်မှ နေ့ခင်းလက်ဖက်ရည်သောက်ချိန်မှ ကိုယ်ကြိုက်သော အသုတ်ဖြစ်ဖြစ်၊ ဆီချက်ဖြစ်ဖြစ်၊ ရှမ်းခေါက်ဆွဲဖြစ်ဖြစ် သွားစားတာပေါ့..ဟု ဖြေလိုက်သည်။

မီးပွိုင့်မိတော့ ...”အသားလှအောင် ဆေးလိပ်လျှော့သောက်ပါလား၊ နှုတ်ခမ်းတွေ မဲနေတာကလည်း ကြည့်မလှဘူး၊ သွားတွေကလည်း ကွမ်းစားတာများတော့ dracula လိုပဲ သွားတွေက နီနေတယ် ကြောက်စရာကြီး” ဟု လာပြောနေသေးတော့ အရာရာကပ်စေးနှဲပေမယ့် သူ့ အသားအရည်လှဖို့ စိုပြေဖို့ exercise လုပ် ငွေမနှမြောဘဲ အလှပြင် ပစ္စည်းတွေ၊ Lotion တွေ ဘယ်လောက်ဈေးကြီးကြီးဝယ်လူးပြီး မုန့်ဟင်းခါးတပွဲ ဝယ်စားဖို့ကျ အငတ်ခံပြီး မစားပဲ ချွေတာချင်ချွေတာသော သူမကို ပြန်ပြောချင်သော စကားများ မြိုချထားလိုက်ရသည်။ ဘာလို့ဆို ကိုယ်ကြိုက်တတ်သောအဆင်ချောချော ရှပ်အကျီ င်္ ချည်သားလေးတွေ၊ ပုဆိုး အကွက်စိတ်လေးတွေ မကြာခဏဝယ်ပေးတတ်တော့ အလှတရားကို တကယ်မြတ်နိုးလို့ ဟု သတိရမိလိုက်လို့ ဖြစ်သည်။

”ဒီည သူငယ်ချင်းတွေနဲ့ ချိန်းထားတယ် ..ဟိုကောင် အောင်လင်း ခဏပြန်ရောက်နေတယ်” စရုံရှိသေး။ အောင်လင်းဆိုတာ သူတောင် မမြင်ဘူးပဲနဲ့ ”လိုက်မယ် ရုံးအပြန်လာခေါ်နော် ၊ ကိုအောင်လင်းကို မမြင်ဖူးသေးဘူး၊ အကိုပြောပြောနေတော့ တွေ့ချင်နေတာ” ဟု ကတ်သီးကတ်သတ်တွေ လုပ်လာပြန်သည်။ ငါ သောက်မှာစိုးလို့ ဇာတ်လမ်းလာရိုက်နေပြီ ဆိုတာ သိရင်း သူ့ရုံးထိပ် မီးပွိုင့်ရောက်တော့ နားအေးအောင် "အေးအေး" ဟု ပြောလိုက်သည်။ ဒီလိုပဲ ညနေကျ လာမကြိုတော့ဘဲ မလိမ့်တပတ် သူမဘာသာ သူငယ်ချင်းတွေနဲ့ လမ်းလျှောက်ပြန်ရင် ဝိတ်ကျ၊ exercise ဖြစ်သားပဲ ဟု ခါတိုင်းလို ပတ်တီးရိုက်ဖို့ စိတ်ကူးထားပြီး ကြွပေဦးတော့ မယ်မင်းကြီးမ ဟု စိတ်ထဲမှာ ကြိတ်ပြောရင်း..ဆင်းခါနီး " ညနေလာကြိုဖြစ်အောင် လာနော်၊ စောင့်နေမယ် " ဟု အသနားခံသော မျက်လုံးဖြင့် သုံးခါလောက် ပြောပြီး ပြေးဆင်းသွားသည်။ နေ့ခင်း ထမင်းလာစားဦးနော် ဟု အော်သွားသေးသည်။

ဟေးဟေး..နှစ်ခုလုံး ဘယ်လိုနည်းနဲ့ ရှောင်ရပါ့ ဟု စဉ်းစားနေသော ကိုယ့် အကြံ ဒင်းမသိတာ ကံဆိုးရှာတဲ့ သူငယ်မ ဟု တွေးရင်း တစ်ယောက်တည်း စပ်ဖြဲဖြဲဖြစ်သွားသည်။

ညနေ..။
"အဲဒီအတိုင်းပဲ ညနေလာကြိုဆို ဘယ်တော့မှ မလာဘူး။ မလာနိုင်ဘူးဆို အစကတည်းက ပြောပါလား။ ခုတော့ အမြဲ ပတ်တီးရိုက်တယ်။ အဲလို လုပ်တာလောက် အမြင်ကပ်တာမရှိဘူး။ ယောက်ကျားဖြစ်ပြီး ကတိလည်း မတည်ဘူး။ စိတ်ရှိတိုင်းသာ ပြောရရင် ဒင်းတက်သွားမှာ မြင်ယောင်သေးတယ် " သူမ သည် သူငယ်ချင်းများနဲ့ အိမ်ကို လမ်းလျှောက်ပြန်ရင်း တစ်ယောက်တည်း စိတ်ထဲမှ ဝဝကို ရန်တွေ့နေမိသည်။ များပြီ..။ ဒီဝတုတ် အဲလို မလိမ့်တပတ်လုပ်တာ အတော်များပေပြီ။ ဘယ်ရမလဲကွယ်။ အိမ်ရောက်တာနဲ့ သူ့သူငယ်ချင်းအိမ်တွေကို သူ့ဂိတ်ကို ဖုန်းဆက်ပြီး ပြန်မလာ၊ လာအောင် ရစ်မှာ မသိဘူးလား..ဟု ညစ်ကျယ်ကျယ် တွေးလိုက်မိသည်။ ဒင်းကို လွှတ်ထားလို့ကတော့ စူဠလိပ် ရေထဲချသလို သန်းခေါင်ယံတိုင်သွားနိုင်သည်။

လမ်းလျှောက်ရင်း တဖြည်းဖြည်းနဲ့ လူစည်ကားသော မြို့လည်နားရောက်တော့ ဝဝ ဝယ်စားတတ်သော ထမင်းဆိုင်မြင်တော့..ဟိုတလောက ဘာချက်ရမလဲ မေးတော့ ကြိုက်တာချက်ပြောပြီး ချဉ်ရေဟင်းတခွက်ပဲ သူမကြိုက်တာ ပါတာကို ဇီဇာချဲ့လို့ မပြီးနိုင်ပဲ ဆိုင်က ကြာဇံဟင်းခါးဝယ်စားတော့ ပိုက်ဆံအပိုဖြုန်းတယ် ဟု သူမကဆိုတော့ မောင်နှမနှစ်ယောက် ရန်ထဖြစ်တာ သတိရသည်။

နောက်ပိုင်းတော့သူမပြောတာမှတ်ထားပြီး ဝယ်မစားတော့ပဲ သူစားချင်တာ အတိအကျပြောလို့ ချက်ခိုင်းပြီး ပိုက်ဆံ အပို ဖြုန်းတာ တဖြည်းဖြည်းနည်းလာတာ သတိရလာသည်။ လမ်းလျှောက်ရင်း နည်းနည်းကြာလာတော့ သူငယ်ချင်းတွေနဲ့ စကားလေးပြောလိုက် လမ်းတလျှောက် လမ်းဘေးဈေးဆိုင်လေးတွေက စားစရာတွေ ငမ်းလိုက်နှင့် လူတောင် လန်းလာသလိုမို့ တနေ့တနေ့ ကားပေါ်မှာပဲ ထိုင်ရင်း ကိုယ်လက်လှုပ်ရှားမှု နည်းလာသော အကို တဖြည်းဖြည်း ဝသထက်ဝလာတာ တွေးမိတော့ ဝိတ်ကျအောင် ညစာ ထမင်းလုံးဝမစားဖြစ်အောင် ဘယ်လို ဆွဲဆောင်ရရင် ကောင်းမလဲ ဟု ညဏ်နီညဏ်နက် ထုတ်နေမိသည်။

ဒီဖက်တီးဘုတ်ပွနဲ့ ခက်လှသည်။ အချဉ်တို့၊ ချဉ်ရေဟင်းတို့ကို ဖင်တွန့်အောင် ကြောက်တတ်သော ဒင်းကို ညဘက် ထမင်းလုံးဝမကျွေးပဲ ယောင်တို့ဖူး ဟု စင်ကာပူမှာ လူသိများသော အပြုတ်ဟင်းချိုမျိုး၊ သိပ်မချဉ်သော salad တခုခုလိုမျိုး ဒင်းစားချင်အောင် လုပ်နိုင်ရင် ပိန်နိုင်တယ်ဟု လမ်းစရလာသည်။ ကြည့်ကြသေးတာပေါ့ ဝဝရာ ဟုတွေးလိုက်မိသည်။

ဝသော သူ့ကို တခါ တခါ သူမက ဝဝ၊ ဖက်တီး ဟု ခေါ်တတ်သလို၊ နေရာတကာ သူများနှင့်မတူ အတွေးကြောင်တတ်သော၊ သူ့ဆို အလွန်ရစ်သော သူမကို သူက ဂေါက်သီး၊ ငရစ်၊ ချီးထုပ်၊ ကတုံး၊ အူကြောင်ကွေး စသဖြင့် တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် နှိပ်ကွပ်နေကျဖြစ်သည်။

ကားလမ်းကူးဖို့ စောင့်နေရင်း ကားစုတ်ကို အိမ်ကဲ့သို့ TV တပ်၊ CD player တပ်၊ Aircon တပ်၊ ဆိုဖာတပ်၊ ဘုရားစင်သေးသေးလေးနဲ့ မီးဆလိုက်လေးတွေပါ ပူဇော်ထားပြီး ကားကို ဇနီးမယားကဲ့သို့ ယုယကြင်နာသော အကို့ ကို သတိရသွားတော့ ရီချင်သွားသည်။ အတော်ကလေးဆန်တဲ့ဟာ.. အဓိကနဲ့ သာမညကို မခွဲတတ်ဘူး..အကျိုးအမြတ်မတွက်ပဲ လုပ်ချင်ရာစွတ်လုပ်တဲ့ဟာပဲ ဟု..လူတတ်ကြီးလုပ်တွေးမိချိန်မှာ အဲဒါကိုပဲ စိတ်ပျက်ပေမယ့် ပြုံးချင်ချင်ဖြစ်နေတာ ကိုယ့်ဘာသာ သတိထားလိုက်မိသည်။ အင်း...တဖြည်းဖြည်းတော့ ဒင်းသိတတ်အောင် ချော့ပြောရဦးမယ် ဟု တေးထားလိုက်သည်။

ဒီလိုနဲ့ လျှောက်ရင်း အိမ်ဘက်ရောက်လာသည်။ အိမ်ကလေးက ထုံးစံအတိုင်း မှောင်နဲ့မည်းမည်း။ မီးတွေ လျှောက်ဖွင့်၊ အခန်းထဲဝင်ပြီး သူ့ပစ္စည်းတွေကြားမှာ..ဖုံးစာအုပ်ကို အရင်ရှာရသည်။ သူ့ဂိတ်နားကို ဆက်လိုက်တော့ ဒင်းကို တန်းမိသည်။ ကန်ထရိုက်တိုက် အမြင့်မှာ နေတာဆိုတော့ ဝဝ စိတ်ပူတတ်သော ရေစက်ကို အကြောင်းပြရသည်။ ”ရေစက်က ဘာဖြစ်လဲ မသိဘူး၊ ရေတင်တာ မတက်ဘူး။ ၇နာရီဆိုတော့ လမ်းထိပ်က ရေပိုက်ဆိုင် မပိတ်လောက်သေးဘူး။ ပြန်လာခဲ့ပါလား” နည်းနည်းတွေသွားပုံရသည်။ ဒါနဲ့ ဆက်ပြီး ဆိတ်သားဟင်းချက်ထားမယ်နော်။ တရုတ်ကန်စွန်းရွက်တွေလည်း ဝယ်ခဲ့တယ်။ အကို့အကြိုက် ဆီအိအိနဲ့ အရွက်လေးတွေချည်းပဲ ကြော်ထားပေးမယ်။ စောစော ပြန်လာခဲ့ပါလား။ ဒီည ရေမတက်ရင် ဒုက္ခ၊ မနက်သုံးဖို့ ရေ ရှိတော့မှာ မဟုတ်ဘူး ” သနားစရာကောင်းအောင် ညှောင်နာနာအသံ ပိစိ နှင့်ပြောတော့ သနားတတ်သော အကို သည် ”အေး အေး..ငါပြန်လာခဲ့မယ်” ဖြစ်သွားသည်။

ဟီ..ဟိ..ပျော်လိုက်တာ..။ ဒင်းပြန်လာရင် စိတ်ဆိုးအောင် မီးပျက်သွားရင် ကောင်းမယ်။ မီးပျက်ရင် တကယ်မပျက်သော မူလကျီသွန်နီ ရေစက်ကိစ္စ ရှင်းစရာ မလိုသလို သူမ ဟင်းချက်စရာလည်း မလိုတော့ပေ။ ”ဟာ..မီးတွေပျက်နေတယ်..။မီးမွှေးရတာ စိတ်မရှည်ပါဘူး ဝဝရာ။ မီးမွှေးပေးပါလား” ဟု ပြောလျှင် စိတ်တိုပြီး ပွစိပွစိ လုပ်မှာ မြေကြီးလက်ခတ်မလွဲပေမယ့် ဗိုက်မဆာသေးလျှင် မီးဝိုင်းမွှေးပေးပြီး ဟင်းရွက်ပါ ဝိုင်းသင်ပေးလိမ့်မည်။ ဗိုက်ဆာနေလျှင်တော့ သူမပါ စားရအောင် တခုခုသွားဝယ်ပေလိမ့်မည်။

ကိုယ့်အတွေးနဲ့ ကိုတော့ ဟုတ်နေရင်း ဖုံးစာအုပ်ထားဖို့ ပြန်ဝင်လာတော့ သူ့အခန်းထဲမှာ ကားပစ္စည်းပေါင်းစုံ၊ speakers တွေနဲ့ တိုတိုမွမွ ပစ္စည်းပေါင်းစုံအပြင် TV နဲ့ အောက်စက်တစုံမြင်တော့ ဒီ electronics ပစ္စည်းအပိုတွေ အားလုံးရောင်းပြီး ဘုရားစင်က စကတည်းက အသစ်မဝယ်ခဲ့တာမို့ ဝယ်ချင်လိုက်တာ၊ ဒင်းကို ဘယ်လိုပြောရင် ရနိုင်မလဲ တွေးကာ ခေါင်းခြောက်သွားသည်။ ဒါတော့ ရမယ်မထင်..။ နှမလက်လျှော့နေပေတော့ ဟု သိပ်သေချာနေတော့ ဒီမှာပဲ အဆုံးသတ်သွားသည်။

မီးက ဒီညပျက်မယ့် အရိပ်အယောင် မရှိတော့ ကိုယ့်စကားနဲ့ ကို ဝဝ ပြန်လာရင် စားကောင်းအောင် သူမ ဟင်းစချက်နေမိသည်။ သူကလည်း ကမန်းကတန်းပြန်အလာမှာ..အိမ်က ငရစ်ကြိုက်လောက်မည်ထင်သော english movie တခွေဝင်ငှားနေလေသည်။

”အောက်တိုဘာလနေ့တနေ့တွင် မွေးဖွားခဲ့သော ချစ်သော အကို အတွက် မွေးနေ့ အမှတ်တရ။”

Saturday, October 25, 2008

Eunos Monastery Donation

ဒီနေ့ ကျွန်မတို့သူငယ်ချင်းတွေ တစ်လတခါ OR တစ်လခွဲတခါ စုပြီး တနေရာရာသွားလည်ရင်လည် ဒါမှမဟုတ် စုပြီး barbecue လုပ်ရင်လုပ် ဒါမှမဟုတ် စင်ကာပူကဘုန်းကြီးကျောင်းတွေကို အလှ့ည်ကျ
သွားလှူရင်လှူ လုပ်နေကျအတိုင်း Eunos Monastery မှာ ဆွမ်းကျွေးဖို့ ရက်ယူထားတာ အကြောင်းအမျိုးမျိုးကြောင့် ဆွမ်းမကပ်ဖြစ်ခဲ့ပေမယ့် ငွေသားအလှူ ၆၇၀ နဲ့ သင်္ကန်းတစုံ စုပေါင်းလှူခဲ့ကြ ပါတယ်။

ဒီနေ့ နေ့လည်စာအလှူရှင်ရှိတဲ့ အတွက် အလှူရှင်တွေကို ဝိုင်းကူရင်း သက်သက်လွတ်ဒန်ပေါက်၊ ဆိတ်သားနဲ့ အတော်တူတဲ့ အသားတုဟင်း၊ ပုဇွန်ပိစိညှောက်တောက်လေးတွေကို ငရုတ်သီးနဲ့
စပ်စပ်ကြော်ထားတာရယ်၊ သခွားသီး အချဉ်ရယ်၊ ချဉ်ပေါင်ဟင်းချိုရယ် ၊ လက်ဖက်အကြော်စုံ၊ ကီဝီကျောက်ကျော၊ ဆနွင်းမကင်း၊ ရှောက်ချိုသီး အချိုပွဲများကို ဝါးတီးဆွဲပြီး အခမဲ့အားပေးခဲ့ကြောင်းပါ :-)

ဓာတ်ပုံမရိုက်ခဲ့ရလို့ သာဓုခေါ်လို့ရအောင် စာချည်းပဲတင်လိုက်ပါတယ်။ Eunos Monastery ကျောင်းက 11၊ teo kim ang road မှာပါ။

ကထိန်ပွဲကို နိုဝင်ဘာ ၉ရက် ကျောင်းရဲ့ နေရာအသစ် (Eunos Area ထဲမှာပါပဲ) မှာလုပ်မယ်လို့ ဆရာတော်က ပြောလိုက်ပါတယ်။ လိပ်စာအသစ်ပါတဲ့ ဖိတ်စာကို မယူလာခဲ့မိလို့ နောက်မှ ထပ်ဖြည့်ရေးပါ့မယ်။

Thursday, October 23, 2008

Myanmar Ebooks URL

ဒီညသူငယ်ချင်းဘုတ်ဘုတ်ဆီက မြန်မာ Ebooks URL email လာလို့ ကိုယ်ဖတ်ချင်ရင် ပြန်ဖတ်လို့ ရအောင် နဲ့ မသိသေးတဲ့ blog readers တွေ အားတဲ့အခါ ဖတ်ချင်ရင် ဖတ်လို့ရအောင်...
Myanmar Ebooks

Tuesday, October 21, 2008

စာနာစိတ်

နောက်ကျတယ်ဆိုတာ..မရှိဘူး
ဘယ်တော့မှလဲ..ဒိတ်မအောက်ဘူး။
ဆင်ယင်လိုက်တာနဲ့
ကြည့်လို့မဝဘူးတဲ့
အဲဒါ...။

1:25PM
21st Oct'2008

Saturday, October 18, 2008

ဒီလိုညများ

ငါမြင်နေရတဲ့..
ဒီမြက်ခင်းစိမ်းစိမ်းတွေရဲ့ ဟိုဘက်မှာ
ဘာတွေရှိမလဲ
ငါ..မသိချင်တော့ဘူး။

ခပ်လှမ်းလှမ်းကားလမ်းမပေါ်က
ကားတစီးချင်းစီရဲ့ နောက်ဆုံးဦးတည်ရာဟာ
ဘယ်နေရာလဲ
ငါ..မစူးစမ်းချင်တော့ဘူး။

ငါကိုယ်တိုင်ကော..
မောင်းနှင်ခံနေရတဲ့..ကားတစီးလား
ကိုယ်တိုင်ပဲ ကားမောင်းနေတာလား
ငါ..မခွဲခြားတတ်တော့ဘူး။

မည်းမှောင်နေတဲ့ ကောင်းကင်မှာ
ပျောက်ဆုံးသွားတဲ့ ကြယ်စင်တွေ
မပျော်ရွှင်တော့တာ...
ငါ..အဖြေရှာမကြည့်ချင်တော့ဘူး။

ဖြိုးဖျမှုန်ရီ
ဒီနီယွန်မီးရောင်တွေအောက်မှာ
အိပ်မောကျနေတဲ့ ကားလေးတွေရယ်
ကျောက်ရုပ်သစ်ပင်တွေရယ်
ခွေးကျောင်းနေဆဲ..လူတချို့ရယ်
စာသင်နေဆဲ..တိုက်အောက်က ဆယ်ကျော်သက်ကလေးတွေရယ်
တိတ်ဆိတ်ညင်သာစွာနဲ့
အဖော်လုပ်ပေးနေတဲ့ လေညှင်းကလေးရယ်နဲ့...

စကားတွေပြောဖို့လဲ စိတ်မပါ
နားထောင်ဖို့ရာလဲ အားအင်ကုန်ခမ်းတဲ့အခါ
ဒီလိုပဲ..တစ်ယောက်တည်း
ကျောက်စက်ခုံမှာ ထိုင်ရင်း
စိတ်တွေလန်းဆန်းဖို့
အေးမြတဲ့ လေကို ရှုရှိုက်လို့
ရချင်တာ အကုန်လုံး
အဝေးဆုံးကို လွှင့်ပစ်လိုက်တဲ့အခါ
အဲဒီခဏတော့..
ငါ..ပေါ့ပါးသွားခဲ့တယ်။

12:54 AM
18th Oct' 2008